Tuesday, May 5, 2015

ပင်လယ်ပြင်အတွင်း ငါးလုံးဝ မဖမ်းရ ရာသီ သုံးလ သတ်မှတ်

ပင်လယ်ပြင် အတွင်း ငါးလုံးဝ မဖမ်းရ ရာသီ သုံးလ သတ်မှတ်

မြန်မာ့ပင်လယ်ပြင် အတွင်း ရေပေါ် ရေအောက် ငါးသယံဇာတ ၈၀% နှုန်းကျော် ကျဆင်းမှုကြောင့် ယခုနှစ် မိုးတွင်း ကာလမှ စတင်၍ ငါးမဖမ်းရ ရာသီ အဖြစ် (၃)လ သတ်မှတ် လိုက်ကြောင်း မေလ (၄) ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။


ရေးသား ဖော်ပြချက်များ အရ မြန်မာပင်လယ်ပြင် ပိုက်နက် အတွင်း ငါးမဖမ်းရ ရာသီ အဖြစ် မိုးတွင်း ကာလ ဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ် (၃)လကို လွှတ်တော်၏ ဆုံးဖြတ်ချက်များ အရ ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ငါးဖမ်းဆီးသည့် စက်တပ် ရေယာဉ်များ အားလုံး သတ်မှတ်ကာလ (၃)လ အတွင်း လုံးဝ ရပ်နားထားရမှာ ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဟန်ထွန်း၏ ပြောကြားချက်အား ကိုးကား၍ ဖော်ပြထားသည်။

ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ် လိုပါက ပင်လယ်ပြင် လုံခြုံရေး ရှိရန် လိုအပ်ကြောင်း၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းအောင် လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ခိုးဖမ်းလှေများမှ ဖမ်းပေးသူများကို ကော်မရှင် ရာနှုန်း အလိုက် ပေးသည့် စနစ် ပြန်လည် ကျင့်သုံးရန် လို အပ်ကြောင်း၊ ၄င်းအချက်များကို နိုင်ငံတော်က ပြုလုပ်ပြီးမှသာ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ ပိတ်သင့် သည်ဟု လုပ်ငန်းရှင် အချို့က အကြံပြု ပြောဆိုသည်။

“တိုင်းရင်းသား လုပ်ငန်းရှင်တွေ ကိုတော့ မဖမ်းရဆိုပြီး ပိတ်လိုက်ပေမယ့် ငါးခိုးလှေတွေ ဘယ်လောက် များများ လာဖမ်းနေလဲဆိုတာ ပိုအရေးကြီးတယ်။ ငါးခိုးတဲ့ သူတွေက လှိုင်းဘယ်လောက် ကြီးကြီး ခိုးနိုင်တယ်။ ခိုးတတ် တယ်။ လုံခြုံရေးကို ထိထိရောက်ရောက် လုပ်ပေးရမယ်။ လာဘ်ပေး လာဘ်ယူ မရှိရ ဘူး။ အရင်က ဆိုရင် ငါးခိုးဖမ်း လှေတွေကို ဖမ်းတဲ့သူတွေ ရှိတယ်။ ငါးလှေ တစ်စီးဖမ်းရင် တန်ဖိုးရဲ့ ဘယ်လောက်ကို သူတို့ ရတယ် အဲ့ဒီစနစ်ကိုလည်း ပြန်ကျင့်သုံးဖို့လိုပါတယ်”ဟု ရေလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငါးသယံဇာတ ဖမ်းဆီးနိုင်မှုသည် ယခင်နှစ် နှစ်သုံးဆယ် ကနှင့်စာလျှင် ရာခိုင်နှုန်း (၈၀)ကျော် ကျဆင်းလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်က နော်ဝေ နိုင်ငံ၏ ငါးသုတေသန သင်္ဘော၏ သုတေသန ပြုချက် အရ သိရှိရကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

0 comments: