Saturday, May 16, 2015

ရေကြောင်း လူငယ် သင်တန်း မြိတ်စခန်းနှင့် ကျွန်းစုစခန်းမှ သင်တန်းသား/ သူများ ရန်ကုန်နှင့် နေပြည်တော်သို့ လေ့လာရေး ခရီးသွားရောက်မည်



တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကြီးမှူး၍ ဖွင့်လှစ်ထားသည့်  ရေကြောင်းလူငယ် သင်တန်း အခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၁၅) နှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅)သို့ တက်ရောက်နေသည့် မြိတ်စခန်းနှင့် ကျွန်းစုစခန်းမှ သင်တန်းသား သင်တန်းသူ (၁၀၁) ဦးသည် အုပ်ချုပ်သူ အရာရှိနှင့် နည်းပြဆရာများ၊ အုပ်ချုပ်သူ ဆရာ/ဆရာမများ လိုက်ပါ၍ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ မေလ (၁၇) ရက်နေမှ စတင်ပြီး တစ်ပတ်ကြာ လေ့လာရေး ခရီးသွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဌာနချုပ်မှူးမှ ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံနေစဉ်

လေ့လာရေး ခရီးသွားရောက်မည့်  ရေကြောင်း သင်တန်းသား သင်တန်းသူများနှင့် နည်းပြ အုပ်ချုပ်သူများ အား မေလ (၁၄) ရက်နေ့၌ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ပြီးနောက် လေ့လာရေး ခရီးစဉ် အတွက် ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။ 


 
အဆိုပါ ရေကြောင်း သင်တန်းသား/သူ များသည် ရန်ကုန်မြို့တွင် မြန်မာ တစ်နိုင်ငံလုံး တွင် ဖွင့်လှစ် ထားသော ရေကြောင်းသင်တန်း (၆)ခုမှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး လှေလှော်၊ အချက်ပြ ဆက်သွယ်ရေး၊ အခြေခံ စစ်ရေးပြ၊ ကြိုးချည် ကြိုးထိုးနည်း စသည့် ဘာသာရပ်အလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

 
လေ့လာရေး ခရီးစဉ် မထွက်ခွာမီ မြိတ်စခန်းနှင့် ကျွန်းစု စခန်းတို့မှ သင်တန်းသား သင်တန်းသူများသည် မြိတ်မြို့ အုန်းတော အထက(ခွဲ) တွင် အခြေပြု၍ မြိတ်မြို့ ပြိုင်ပွဲအတွက် လေ့ကျင့်ခြင်း၊ မေလ (၁၅)ရက်နေ့တွင်  မြိတ်မြို့တွင်း ဘုရားများသို့ လှည့်လှည် ဖူးမျှော်ခြင်းများ ဆောင်ရွက်သည်။ 

 
ရေကြောင်း သင်တန်းသားများ မြိတ်မြို့ အုန်းတော အထက (ခွဲ) ကျောင်း၌ အခြေပြု လေ့ကျင့်နေစဉ် အတွင်း အရာရှိကြီးများက သင်တန်းသား သူများအား စားသောက် နေထိုင်ရေး အဆင်ပြေစေရန် ကြီးကြပ် ဆောင်ရွက်ခြင်း၊ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခြင်းတို့ ဆောင်ရွက် ခဲ့သည်.။

၎င်းအပြင် စစ်ရေယာဉ် ပြည်တော်အေး (၂)မှ စစ်ရေယာဉ်မှူးနှင့် အရာရှိ စစ်သည်များမှလည်း ရေကြောင်း သင်တန်းသား သင်တန်းသူများအား အထူးနေ့လည်စာဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။


0 comments: