Friday, December 13, 2013

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ




မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်း ရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။



ဒီဇင်ဘာ ရက် ညနေပိုင်းက ကတော့ကမ်းရွာမှ အောက်ကမ်းသို့ မြေသားလမ်း ဖောက်လုပ်နေစဉ် တောင်စောင်းမှ မြေအောက် တစ်ပေခွဲ  အနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကတော့ကမ်းမှာ လမ်းဖောက်နေတုန်း လူငယ်တစ်ဦးက ပေါက်တူးနှင့် တူးလိုက်တဲ့ အချိန်မှာ သန်လျက်လို့ ယူဆရတဲ့ အရာကို ထိမိပြီး တွေ့ရှိခဲ့တာပါ။ ပေါက်တူးနှင့် ထိမိခဲ့တာကြောင့် အဖျားပိုင်းမှာ ငါးလက်မလောက် ပဲ့ထွက်သွားပါတယ်။ ရှေးခေတ် တနင်္သာရီနယ်က မြန်မာဘုရင်တွေ ကိုင်ဆောင်တဲ့ ခရင်းပုံစံ သန်လျက်ဖြစ်ဖို့ များ ပါတယ်။ အဖျားကနေ အရင်း အထိ တစ်တောင်လောက် ရှည်ပါတယ်။ အရင်းပိုင်းက ရွှေထည်ဖြစ်ပါတယ်။ ရတနာတွေ ပတ်လည်မှာ စီခြယ်ထားတာ ပါတယ်။ ဒါကို ကျွန်တော်တို့ သေချာစွာ မှတ်တမ်းတင်ထားပါတယ်။ ယဉ်ကျေးမှု ၀န်ကြီးဌာန ကိုလည်း ဆက်သွယ်ထားပြီး အခုလောလောဆယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထား ပါတယ်" ဟု တနင်္သာရီမြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ကတော့ကမ်းမှာ တနင်္သာရီမြစ်ကို ရေလမ်းဖြင့်သာ သွားရပြီး မော်တုန်းကျေးရွာ အုပ်စုအတွင်း ပါဝင်ကာ သမိုင်းမှတ်တမ်းများ အရ ကောဇာသက္ကရာဇ် ၅၁၃ ခုနှစ်က ဗြစဣပိတ် မင်းကြီးမှာ ထောင့်ကွာမြို့မှ ပြောင်းရွှေ့လာ ပြီးနောက် ကတော့ကမ်းသို့  အရောက်တွင် မိမိ၏ မယ်တော်နှင့် ဘေးလောင်းတော်များကို မှန်းဆ ရည်မှန်းကာ ကန်တော့ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။ အဆိုပါ သန်လျက်ဟု ယူဆရသော လက်နက်မှာလည်း အရင်းပိုင်းတွင် အရိုးတပ် နိုင်သော သံလက်ကိုင် ပါရှိကာ ရာဇ၀င် မှတ်တမ်းများတွင် ပါရှိသော ဗြစဣပိတ်မင်းကြီးမှ နဂါးမင်းကြီးကို ထိုးသတ်ခဲ့သော ခရင်းပုံစံ လက်နက်မျိုးလည်း ဖြစ်နိုင်ကြောင်း သိရသည်။
Eleven Media Group

0 comments: