Friday, December 20, 2013

ဒုတိယဝန်ကြီး ဦးခင်မောင်အေး ရေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်




မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မွေးမြူရေး၊ ရေလုပ်ငန်း ဆပ်ကော်မတီ (Delivery Unit) ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ (၁၈)ရက်၊ နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ လည်းကောင်း၊ မွန်းလွဲပိုင်း တွင် မကြုံဂလက် မွန်ကင်း ကျေးရွာတွင် လည်းကောင်း၊ ကျေးရွာ အထောက်အကူပြု ကော်မတီ ဝင်များ၊ ရေလုပ်သားများ၊ ကျေးရွာသူ/ ရွာသားများနှင့် တွေ့ဆုံပြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ် ရေမှော်မွေးမြူရေး အပါအဝင် ရေလုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များ၊ ကျေးရွာတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းပြီး မိုင်းခွဲ ငါးဖမ်းဆီးမှု တားဆီးရေး၊ ကျေးလက်ဆေးပေးခန်း အဆောက်အဦ ရရှိရေး၊ ရွာလယ် ကွန်ကရစ် လူသွား လမ်းပြုလုပ်ရေး ကိစ္စရပ်များအား ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အတူမြို့နယ် အထောက်အကူပြု ကော်မတီများ၊ မြို့မိ၊ မြို့ဖများ၊ ရေလုပ်ငန်းရှင်များ၊ ကမ်းနီး ကမ်းဝေး ငါးဖမ်း လုပ်ငန်းရှင်များ၊ ရေလုပ် သားများနှင့် တွေ့ဆုံ၍ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် တွေ့ကြုံနေရသည့် L.C/ TT ဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေး၊ အစုအဖွဲ့များ အားကောင်း စေရေးနှင့် မိမိနိုင်ငံ အတွင်း ဈေးကွက် ဖြစ်ပေါ်စေရေး ဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် ငါးဖမ်းဆီးမှု ဆိုင်ရာ ကိစ္စရပ်များ၊ ငါးမဖမ်းရ ရာသီနှင့် နေရာ သတ်မှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငါးဖမ်းလှေများ ကမ်းနီး ဝင်ရောက် လုပ်ကိုင်မှု ကိစ္စရပ်များနှင့်  ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး စီးပွားကူးသန်းဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များအား ဝန်ကြီး ဌာနများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 




ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကော့သောင်း Check Point တွင် ရောက်ရှိ  အစစ်ဆေး ခံလျက်ရှိသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီသို့ လုပ်ကိုင် ခွင့်ပြုထားသည့် ကျူနာ ငါးမျှားတန်း နိုင်ငံခြားငါးဖမ်းသင်္ဘော (၅)စင်း ကို စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များကို တရားမဝင် ငါးဖမ်းဆီးမှုမဖြစ်ပေါ်စေရေး၊ မြန်မာနိုင်ငံ၏ ဥပဒေ၊  လုပ်ထုံးလုပ်နည်း များအား အလေးထားလိုက်နာရေး၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာချုပ် စည်းကမ်းချက်များ အတိုင်းလိုက်နာရေးတို့ကို  မှာကြားခဲ့ကြောင်းသိရသည်။ 

 အဆိုပါ နိုင်ငံခြား ငါးဖမ်းသင်္ဘော များ မြန်မာနိုင်ငံ ရေပိုင်နက်၏ ပြင်ပစီးပွားရေးဇုံ (Exclusive Economic Zone-EEZ) ရေ နယ်နိမိတ် အတွင်း ငါးမျှားတန်းဖြင့် ဒေသအနှံ့ ရွှေ့ပြောင်း သွားလာတတ်သည့် ကျူနာ ငါးတစ်မျိုး တည်းသာ စမ်းသပ် ဖမ်းဆီးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ သို့ နိုင်ငံခြားငွေဖြင့် အခွန် ပေးဆောင်၍ စစ်ဆေးပြီးမှသာ ဝင်/ထွက် ခွင့်ပြုကြောင်းနှင့် ငါးချဆိပ်ကမ်း၊ အအေးခန်း စက်ရုံနှင့် ပြုပြင်ထုတ် လုပ်ရေး စက်ရုံတို့အား ပြည်တွင်း တွင်ပင် တည်ဆောက်ပြီး ထုတ်လုပ် တင်ပို့နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရှိရသည်။

မွေးရေ/ကျေးလက်

0 comments: