Wednesday, July 15, 2015

တပ်မတော်(ရေ)မှ ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ

တပ်မတော်(ရေ)မှ ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀ ရက် ည ၁၀ နာရီခန့်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေးမေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့်လှိုင်းများ ကြီးနေသဖြင့် ရှာဖွေ ရှင်းလင်းခြင်းလုပ်ငန်းများ ခေတ္တဆိုင်းငံ့ ခဲ့ရသည်။




ရှာဖွေရှင်းလင်းခြင်းလုပ်ငန်းအား ဇူလိုင် ၉ ရက်တွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး စောင်းကောက်ကျွန်း အတွင်းပိုင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၄၅ ဦးအား ထိန်းသိမ်းရမိသည်။ ယင်းနောက် ဆက်လက်ရှာဖွေခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၄၉ ဦး အား လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၈ ဦး အား လည်းကောင်း ထပ်မံထိန်းသိမ်း ရမိခဲ့သည်။

ထိန်းသိမ်းရမိသော ဘင်္ဂါလီ လူမျိုးများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျပန်းနှင့်အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးက လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံးပြောဆို၍ လည်းကောင်း၊ မလိုက်လိုသူများအား တုတ်၊ဓား များဖြင့် ရိုက်နှက်ပြီး ခြိမ်းခြောက်၍လည်းကောင်း ခေါ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းအနီးမှ လှေကြီး ၁ စီးဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ လှေပေါ်တွင် လူမျိုးမသိလှေသား ၈ ဦးနှင့် သေနတ် ၂ လက်ပါရှိမှုကို တွေ့ရှိရကြောင်း၊ ဇွန်လဆန်းပိုင်းတွင် စောင်းကောက်ကျွန်းသို့ ရောက်ရှိခဲ့ပြီး ရောက်ရှိချိန်တွင် ပွဲစား ၂ ဦး ပါဝင်ကြောင်း၊ ရောက်ရှိပြီး ၁၀ ရက်ခန့် ကြာမြင့်ချိန်တွင် ၎င်းတို့နှင့်အတူ နေထိုင်လျက်ရှိသည့် ပွဲစား၂ ဦးက ကျွန်းပေါ်ရှိ လူများအား မလေးရှားနိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ်ငွေ ဒါကာ ၂ သိန်းခွဲပေးရမည်ဟု ပြောကြားပြီး မိဘဆွေမျိုးများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူ ဆက်သွယ်ကာ ငွေမပေးပါက သတ်ပစ်မည့်ပုံစံမျိုးဖြင့် ပြောကြား၍ တုတ်ဖြင့်ရိုက်သံများ တဖက်မှကြားစေရန် ပြုလုပ်ခဲ့ကြောင်း၊ တောင်းခံသောငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပွဲစား ၁ ဦးက ငွေပေးမည့်သူများ၏ အိမ်များနှင့်ဆက်သွယ်၍ ငွေလက်ခံရရှိကြောင်း အကြောင်းပြန်ကြားမှသာ ကျွန်းပေါ်ရှိပွဲစား ၂ ဦးက မလေးရှားနိုင်ငံသို့ ဦးစားပေး ပို့ဆောင်မည့်အုပ်စုအဖြစ် သီးခြားခွဲထားရှိကြောင်း၊ ၁၀ ရက်တွင် ၁ ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများလာရောက်ပို့ဆောင်လျက်ရှိပြီး ဦးစားပေး ပို့ဆောင်မည့်အုပ်စုမှလူများကို ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရသည်။

စောင်းကောက်ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား တပ်မတော်က ဆက်လက် ရှင်းလင်းရှာဖွေလျက်ရှိပြီး ထိန်းသိမ်းရရှိသည့် ဘင်္ဂါလီ ၁၀၂ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြဝတီ (13-7-2015)

0 comments: