Saturday, July 18, 2015

တက္ကသိုလ် ၀င်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား လွှတ်တော် ကိုယ်စားလှယ်များက ဂုဏ်ပြုဆုပေးပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်

တက္ကသိုလ် ၀င်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား လွှတ်တော် ကိုယ်စားလှယ်များက ဂုဏ်ပြုဆုပေးပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်
-----------------------------------------------------------------------
၂၀၁၄- ၂၀၁၅ ခုနှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင့်ခဲ့သည့် မြိတ်မြို့နယ် အတွင်း မှ ကျောင်းသူ ကျောင်းသား များအား မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် များက ဂုဏ်ပြုဆု ပေးအပ်ပွဲ အခမ်းအနားကို မြိတ်မြို့  ပုလဲရတနာ ခန်းမ၌ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဂုဏ်ထူးရ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်သည်။


အဆိုပါ ဂုဏ်ပြုဆုအား မြိတ်မြို့နယ် အတွင်းရှိ အထကနှင့် အထက (ခွဲ) ကျောင်းပေါင်း (၁၄)ကျောင်းမှ တက္ကသိုလ်ဝင်တန်း ၀င်ရောက် ဖြေဆိုပြီး ဂုဏ်ထူး ရရှိသူ (၆)ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၃၂) ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၄၇) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၅၈) ဦးနှင့် ဘက်စုံ ထူးချွန်ဆု ရရှိသူ (၅) ဦး၊ ထူးချွန်စွာ အောင်မြင်အောင် သင်ကြားပေးနိုင်ခဲ့သည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမ များအား ဂုဏ်ပြု ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။


ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆု အဖြစ် (၆)ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် (၁၀)သိန်းနှင့် ဆုတံဆိပ်၊ (၅)ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် (၅)သိန်းနှင့် ဆုတံဆိပ်ကို လည်းကောင်း၊ (၄)ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် (၂)သိန်းနှင့် ဆုတံဆိပ်ကို လည်းကောင်း ၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁)ဦးလျှင် ကျပ် (၁)သိန်း (၅)သောင်းနှင့် ဆုတံဆိပ်အား လည်းကောင်း၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁) ဦးလျှင် ကျပ် (၁)သိန်းနှင့် ဆုတံဆိပ်ကို လည်းကောင်း ၊ ဘက်စုံ ထူးချွန်ဆုရရှိသူ (၁)ဦးလျှင် ကျပ် (၂)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကို လည်းကောင်း ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်.။


ဂုဏ်ပြုပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက ဂုဏ်ပြု အဖွင့် အမှာစကား ပြောကြား ပြီးနောက် မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က ဂုဏ်ပြုဆု ချီးမြှင့်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထိုနောက် ထူးချွန် ပညာဆုရ ကျောင်းသား ကျောင်းသူများ၊ ဘက်စုံ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ပညာ သင်ကြားမှု ဂုဏ်ပြုဆုရ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမ များအား ၀န်ကြီးချုပ် ဦးမြတ်ကို ၊ တိုင်းမှူး နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များက ဂုဏ်ပြုဆုများ တစ်ဦးချင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: