Sunday, July 12, 2015

မြိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ ကာလအတွက် တာဝန်ပေးအပ်မည့် အထူးရဲများအား စိစစ်ရွေးချယ်

မြိတ်မြို့နယ် အတွင်း ရွေးကောက်ပွဲ ကာလအတွက် တာဝန်ပေးအပ်မည့် အထူးရဲများအား စိစစ်ရွေးချယ်

၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ ကာလ အတွင်း မြိတ်မြို့နယ်၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများအား စိစစ်ရေး အဖွဲ့ဖြင့် ရွေးချယ်ခြင်းအား မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့ရာ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး က အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များ ထမ်းဆောင်ရမည့် တာဝန်နှင့် လိုအပ်သည့် အချက်အလက်များအား ရှင်းလင်း ပြောကြားကာ အထူးရဲ စိစစ်ရေး အဖွဲ့ဖြင့် စိစစ်ရွေးချယ်ခဲ့သည်။






မြိတ်မြို့နယ် အတွင်း အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံပေါင်း (၂၀၉)ရုံ တည်ရှိရာ မြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အားဖြင့် လုံခြုံရေး ဆောင်ရွက်ရန် လိုအပ်ချက် အရ အထူးရဲ တပ်ဖွဲ့ဝင်များအား အသက် ၁၈ နှစ်မှ ၆၀ နှစ် အတွင်း  ဘွဲ့ရ ၊ ဆယ်တန်းအောင်နှင့် ဆယ်တန်း ပညာ အရည်အချင်း သတ်မှတ်ချက်ဖြင့် စုဆောင်း ရှာဖွေခဲ့ရာ ၄င်းတို့ ဆန္ဒဖြင့် ကိုယ်တိုင်ရေး လျှောက်လွှာ တင်သူ (၂၀၂) ဦး ရှိကြောင်း သိရသည်။ 

ယင်းသို့ လျှောက်လွှာတင်သူ အထူးရဲ (၂၀၂) ဦးအား မြို့နယ် ရဲတပ်ဖွဲ့မှူး ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး ထွေအုပ် / မီးသတ်ဦးစီးမှူး၊ မြို့နယ် လုံခြုံရေးနှင့် တည်ငြိမ်ရေးချမ်းရေး ၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ၊ မြို့မိမြို့ဖ ကိုယ်စားလှယ် တို့ဖြင့် ဖွဲ့စည်းထားသည့် အထူးရဲ စိစစ်ရေး အဖွဲ့မှ လူတွေ့ စိစစ် ရွေးချယ်ခဲ့ သည်။
လက်ရှိ မြိတ်မြို့နယ်၏ ဖွဲ့စည်းပုံ အင်အား အရ မဲရုံတစ်ရုံလျှင် ရဲတစ်ဦး လုံခြုံရေး ချထားရန် လိုအပ်သဖြင့်  အထူးရဲများ ခေါ်ယူခန့်ထားရန် စီစဉ်ခြင်းဖြစ်ကာ ရွေးကောက်ပွဲကာလ ၀န်းကျင်အတွင်း အများဆုံး သုံးလအထိ အထူးရဲများ ခန့်အပ်သွားမည်ဖြစ်သည်။ 

ခန့်အပ်မည့် အထူးရဲ တပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာရပ်များကို တစ်လ သင်တန်းပေးပြီးမှ တာဝန် ထမ်းဆောင်စေမည် ဖြစ်ပြီး အထူး ရဲတပ်ဖွဲ့ဝင်များနှင့် ပင်မ ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်စေမည် ဖြစ်သည်။ သတ်မှတ်ကာလပြီးသည် အထိ တာဝန်ထမ်းဆောင်ပြီးပါက မူလအလုပ်ကို ပြန်လည် လုပ်ကိုင်စေမည် ဖြစ်သည်။

အထူးရဲအဖြစ် ခန့်အပ်ခံရပါက အခြေခံလစာ ကျပ်တစ်သိန်း နှစ်သောင်းအပြင် ရိက္ခာ စရိတ်အဖြစ် တစ်ရက်လျှင် ကျပ်တစ်ထောင်နှုန်း ခံစားခွင့်ရမည်ဖြစ်ပြီး ရဲဝတ်စုံ အရောင်မှာ အင်္ကျီ မီးခိုးရောင်နှင့် ဘောင်းဘီ နက်ပြာရောင်ဖြစ် ကြောင်း သတင်းရ ရှိသည်။





0 comments: