Wednesday, July 8, 2015

တက္ကသိုလ်ဝင် စာမေးပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကိုယ်စားပြု ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြိုးအိမ်ကြည်နှင့် တွေ့ဆုံ မေးမြန်းခြင်း

တက္ကသိုလ်ဝင် စာမေးပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကိုယ်စားပြု ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြိုးအိမ်ကြည်နှင့် တွေ့ဆုံ မေးမြန်းခြင်း


၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့၌ တနင်္သာရီ တိုင်းဒေသကြီး အနေဖြင့် လည်းကောင်း၊ မြိတ်ခရိုင်၌ တစ်ခရိုင်လုံး အတွက် လည်းကောင်း၊ မြိတ်မြို့နယ် အတွက် လည်းကောင်း၊ အမှတ် အများဆုံးရ ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြိုးအိမ်ကြည်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပုံကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ မဖြိုးအိမ်ကြည် အနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲမှာ မြိတ် တစ်ခရိုင်လုံးရဲ့ ခရိုင် ကိုယ်စားပြု အနေနဲ့ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူး ရရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ၊ ဘာသာရပ်တွေအတွက် ဘယ်လို အချိန်ဇယား သတ်မှတ်ပြီး ကျက်မှတ်ခဲ့ပုံကို ပြောပြပါလား။

ဖြေ။ ။ ဘာသာတိုင်း အတွက်တော့ တိတိကျကျနှင့် စနစ်တကျ ထပ်ခါထပ်ခါ လေ့လာ မှတ်သား ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အကြိမ်ကြိမ် လေ့ကျင့်ပြီးတော့ မလျှော့သော စိတ်နှင့် ကြိုးစားခဲ့ ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ဘက်က ရနေပါစေ၊ တစ်ချိန်ချိန်မှာ မေ့နိုင်တယ်ဆိုတဲ့ စိတ်နဲ့ ထပ်တလဲလဲ လေ့ကျင့် ဖြစ်ပါတယ်။ အချိန်ဇယား ကတော့ စိတ်ထဲမှာ အမြဲတမ်း ဒါပြီးရင် ဒါကျက်မယ် ဆိုပြီး အမြဲပြင်ဆင် ထားပါတယ်။ ပြန်လည် လေ့ကျင့်ခြင်းလည်း အခေါက်ခေါက် အခါခါ ပြန်ခဲ့ပါတယ်။ တစ်ခုက စိတ်ကို ပေါ့ပါး အောင်တော့ ထားတယ်။ မဖြစ်မနေ ဘာသာစုံ ထွက်ရမယ်လို့ မတွေးဘဲ အကောင်းဆုံး လုပ်မယ်လို့ တွေးပြီး ကြိုးစားခဲ့ တာပါ။

မေး။ ။ အခုလို တက္ကသိုလ် ဝင်တန်းမှာ ထူးထူးချွန်ချွန် (ဘာသာစုံ) ဂုဏ်ထူးရအောင် ဘယ်အတန်း လောက်ကစပြီး ကြိုးစားခဲ့ပါ သလ။ဲ ဆုတွေကော ရခဲ့ပါသလား။ ဘယ်ကျောင်းတွေ ကနေစပြီး တက်ခဲ့ပါ သလဲ။

ဖြေ။ ။ ဆဋ္ဌမတန်း လောက်ကစပြီး ကြိုးစား ဖြစ်ပါတယ်။ ကျောင်းစာချည်း သက်သက်ပဲ မဟုတ်ဘဲ မြန်မာစာစီ စာကုံးနှင့် အင်္ဂလိပ် အက်ဆေးတွေ ရေးရာမှာ အထောက်အကူ ပြုမယ့် ပြင်ပ ဗဟုသုတ တွေလည်း လေ့လာဖြစ်ခဲ့ ပါတယ်။ အတန်းလိုက် နှစ်စဉ် ထူးချွန်ဆုတွေ၊ စာစီ စာကုံးတွေမှာ ပထမ၊ ဒုတိယ၊ တတိယဆု အသီးသီး ရရှိခဲ့ပါတယ်။ သူငယ်တန်းကနေ အဋ္ဌမတန်း အထိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မြိတ်မြို့မှာ သင်ယူခဲ့ ပါတယ်။ နဝမတန်းနှင့် ဒသမတန်းကို ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်း မြိတ်မြို့မှာ သင်ယူခဲ့ပါတယ်။

မေး။ ။ (ဘာသာစုံ) ခြောက်ဘာသာ ဂုဏ်ထူး ရရှိခဲ့တာကြောင့် တစ်ဘာသာချင်းရဲ့ ရမှတ်တွေ သိပါရစေ။ ဘယ်တက္ကသိုလ်ကို တက်ဖို့ ရည်ရွယ်ဆုံးဖြတ် ထားပါသလဲ။

ဖြေ။ ။ မြန်မာစာ ၇၅ မှတ်၊ အင်္ဂလိပ်စာ ၇၅ မှတ်၊ သင်္ချာ ၉၃ မှတ်၊ ဓာတုဗေဒ ၉၂ မှတ်၊ ရူပဗေဒ ၉၇ မှတ်၊ ဇီဝဗေဒ ၉၅ မှတ် စုစုပေါင်း ၅၂၇ မှတ် ရရှိခဲ့ပါတယ်။ သမီးရဲ့ ရည်မှန်းချက် အတိုင်း ဆေးတက္ကသိုလ်ပဲ တက်မှာပါ။

မေး။ ။ သမီးရဲ့ ဝါသနာနဲ့ နားချိန်တွေမှာ ဘာတွေ လုပ်သလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ဝါသနာကတော့ ပန်းချီ ဆွဲတာပါ။ ပန်းချီဆွဲရင် စိတ်ငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ အားလပ် ချိန်တွေမှာ သတင်းစာ၊ ဂျာနယ်တွေ ဖတ်ဖြစ်တယ်။ စိတ်ပေါ့ပါးစေတဲ့ သီချင်း နားထောင် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ စိတ်တည်ငြိမ်ဖို့ တရားထိုင် ဖြစ်ပါတယ်။

မေး။ ။ အခုလို ခြောက်ဘာသာ ဂုဏ်ထူးကို တစ်ခရိုင်လုံးမှာ အမှတ်အများဆုံး ရတဲ့အတွက် ရင်ထဲမှာ ဘယ်လိုခံစားရ ပါသလဲ။

ဖြေ။ ။ ပြောမပြတတ်အောင် ပျော်ပါတယ်။ မိသားစု အသိုင်းအဝိုင်း၊ ကျောင်းဂုဏ်ကို တက်စေတော့ မဖော်ပြနိုင်တဲ့ ပျော်ရွှင်မှုမျိုးပါ။ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ သမီးလည်း အခုလို လာရောက် မေးမြန်းပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ရှင်။ ။

မိုးမြင့်မိုး(မြိတ်)
မြ၀တီ သတင်းစာမှ ထပ်ဆင့်ဖော်ပြပါသည်။

0 comments: