Wednesday, April 23, 2014

လေကြောင်း လူငယ်သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်

လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ် များတွင် စိတ်ဝင်စားမှု တိုးပွား လာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များ ကို တတ်သိ နားလည်စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့် မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန် ရည်ရွယ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) က ကြီးမှူးး ဖွင့်လှစ်သော လေကြောင်း လူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို မြိတ်မြို့ နောက်လယ်ရပ် အမှတ်(၃) အခြေခံ ပညာ အလယ်တန်းကျောင်း (အထက-ခွဲ)၌ ဧပြီလ (၂၃) ရက်နေ့ နံနက် (၉)နာရီ အချိန် ကျင်းပပြုလုပ်ရာ မြိတ်လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်နှင့် အုပ်မှူးး ၊ တပ်မှူးများ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။

ခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ကိုယ်စား မြိတ်လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် နွေရာသီ ကျောင်းပိတ်ရက် အတွင်းမှာ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ဖို့နှင့် နိုင်ငံတော် အတွက် အားထားရမဲ့ လူငယ်များကို လေကြောင်း ဆိုင်ရာ အခြေခံ ဗဟုသုတများ တိုးပွားလာစေရန် အတွက် ငွေကြေး အမြောက်အမြား အကုန်ကျခံပြီး နိုင်ငံတော်မှ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် လေကြောင်း ပညာဆိုင်ရာ ဗဟုသုတများကို လေ့လာ ဆည်းပူးပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်တည်ဆောက်ရေး ကဏ္ဍမှာ လေကြောင်း အတတ် ပညာနှင့် အကျိုးပြုသွားမယ့် မျိုးဆက်သစ် လူငယ်များ ဖြစ်သည့်အတွက် သင်တန်းမှာ ပို့ချမည့် ဘာသာရပ် တိုင်းကို စိတ်ပါဝင်စားစွာ လေ့လာကြရန် တိုက်တွန်း မှာကြားခဲ့သည်။ 


အဆိုပါ သင်တန်းကို သင်တန်းသား (၁၅)ဦး ၊ သင်တန်းသူ (၁၀) ဦး စုစုပေါင်း (၂၅) ဦး တက်ရောက်လျက် ရှိပြီး သင်တန်းကာလ ရက်သတ္တ (၆)ပတ် ကြာမြင့်မည် ဖြစ်ကာ သင်ခန်းစာများ အနေဖြင့် လေကြောင်း ပညာ သမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရား၊ လေယာဉ် တည်ဆောက်မှု အခြေခံ သဘောတရား၊ လေယာဉ် စက်အုံ တည်ဆောက်မှု အခြေခံများ ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ အခြေခံ စစ်ပညာ (လက်နက်မဲ့) စသည့် ဘာသာရပ်များ အပြင် ကွန်ပျူတာဖြင့် လေယာဉ် ပုံစံငယ် လက်တွေ့ ပျံသန်းခြင်း ကိုလည်း သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: