Thursday, April 3, 2014

မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဖွင့်ပွဲ အခမ်းအနား ကျင်းပ မြိတ်စီးပွားရေးဇုန် တစ်ခုအား ပထမဆုံး တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်မည်

မြိတ်မြို့တွင် လိုအပ်လျက် ရှိသော စီးပွားရေး အခြေခံ အဆောက်အအုံတစ်ခု တည်ဆောက်ပေးရန် ၊ မြိတ်လူထု အတွက် လူသား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ထူထောင်၍ ဒေသနှင့် လူထု အကျိုး ရှေးရှုသော ကုမ္ပဏီ ဖြစ်လာစေရန် ၊ မြိတ်မြို့၏ စီးပွားရေးသည် နိုင်ငံခြား မှီခိုမှုကင်းပြီး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် တည်ထောင်ခဲ့သည့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က မြိတ်မြို့ ကန်ဖျားလမ်းမကြီး မဟာစည် သာသနာ့ရိပ်သာ အနီးရှိ ၄င်းကုမ္ပဏီ ရုံးခန်းတည်နေရာတွင် ကျင်းပသည်။ 




ပထမဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမီတက် ဥက္ကဋ္ဌ ဦးဘုန်းဝင်းတို့က ရုံးအဆောက်အဦးနှင့် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

ပြီးနောက် ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်း အစီအစဉ် ကျင်းပရာ  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးမှ ကုမ္ပဏီ ထူထောင်ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့ဆက် ဆောင်ရွက်သွားမည် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထိုနောက် ကုမ္ပဏီ နာယက ဦးတင်ညွန့်က ကျေးဇူးတင် စကား ပြောကြားပြီးနောက် အခမ်းအနား ရုပ်သိမ်းခဲ့သည်။ 

အများပိုင် ကုမ္ပဏီသည် မြိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖွံ့ဖြိုးမှု နည်းသေးသော မြေကွက်များကို စနစ်တကျ ဖေါ်ထုတ်ပြီး လမ်းတံတားများ ဖေါက်လုပ်ခြင်း၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အဆင့်မြင့် လူနေအိမ်ရာများ ဆောက်လုပ်ခြင်း၊ လူနေပတ်ဝန်းကျင် အတွက် မရှိမဖြစ်လိုအပ်သော ဆေးရုံ၊ ဈေး၊ စာသင်ကျောင်း၊ ရုံးများ တည်ဆောက်ပေးခြင်းနှင့် အများပြည်သူ အပန်းဖြေ နားနေနိုင်သော ပတ်ဝန်းကျင်များကို ဖန်တီးပေးခြင်း၊ သင်္ဘောဆိပ်၊ ဆိပ်ခံတံတားနှင့် ကုန်တင်ကုန်ချ စခန်းများ တည်ဆောက်ခြင်း၊ ကုန်စည်သိုလှောင်ရုံများနှင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်း စသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ ဆိပ်ကမ်းဝန်ဆောင်မှု၊ ကုန်လှောင်ရုံ ၀န်ဆောင်မှု၊ ရေမီးဖြန့်ဝေမှု စသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။


ကနဦး အနေဖြင့် မြိတ်မြို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည့် မြိတ်စီးပွားရေးဇုန် [Myeik Economic Zone (MEZ)] ကို မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ယောကြီးဝ ချောင်းနဘေးရှိ ကမ်းသာယာ ဧရိယာတွင်  ပထမဆုံး လုပ်ငန်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပြီး ၄င်း မြိတ်စီးပွားရေးဇုန်တွင် ဆိပ်ကမ်းဇုန်စီးပွားရေးနှင့်ကုန်သွယ်မှုဇုန်စီးပွားရေး အဆောက်အဦးများဇုန် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အဆင့်မြင့် အိမ်ယာဇုန်များ၊  စက်မှုဇုန် အားကစားနှင့် အပန်းဖြေနားနေနိုင်သော စိမ်းလန်းဇုန်များ တည်ဆောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: