Wednesday, April 23, 2014

ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၁၄) မြိတ်စခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်



ရေကြောင်း ပညာကို စိတ်ပါဝင်စားသော အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်နိုင်ရန်၊ နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် ထူးချွန် ထက်မြက်သော လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေရေး လေ့ကျင့်ပေးရန်နှင့် လှေလှော် အားကစားနည်း၊ ရွက်တိုက် အားကစားနည်းများ အတွက် နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍  ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ဖွင့်လှစ်ခဲ့သည့် လူငယ်ရေကြောင်း သင်တန်း (၁/၂၀၁၄) မြိတ်စခန်း ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၂၃) ရက်နေ့ နေ့လည် (၁၂)နာရီ ခွဲအချိန် မြိတ်မြို့ နောက်လယ်ရပ် အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်း (အထက-ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်နှင့် စစ်ရေယာဉ်မှူးများ၊ တပ်မှူးများ၊ မြိတ်ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 



အခမ်းအနား၌ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီးနောက် ဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်းလိုက်သည်။ 



မြိတ်မြို့၌ ဖွင့်လှစ်သည့် လူငယ်ရေကြောင်း သင်တန်း (မြိတ်စခန်း)တွင်  သင်တန်းသား (၂၅)ဦး သင်တန်းသူ (၉)ဦး စုစုပေါင်း (၃၅)ဦး တက်ရောက်လျက်ရှိပြီး၊ (ကျွန်းစု) စခန်းတွင် သင်တန်းသား (၂၆)ဦး တက်ရောက် လျက် ရှိကာ  သင်တန်းကာလ ရက်သတ္တ (၆)ပတ် ကြာမြင့်မည် ဖြစ်သည်။ အဆိုပါ ရေကြောင်းလူငယ် သင်တန်း၌ ရေယာဉ်သားပညာ၊ ရေယာဉ် တည်ဆောက်ပုံ၊ အချက်ပြ ဆက်သွယ်ရေး၊ ရေကူး လှေလှော်၊ အခြေခံ စစ်ပညာ (လက်နက်မဲ့)၊ ရေကြောင်းလမ်းညွှန်၊ ဘာသာရပ်များ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။


0 comments: