Wednesday, April 30, 2014

မြိတ် - ကျွန်းစု အမြန်ရေယာဉ် လိုင်းသစ် တစ်ခု ထပ်မံ ပြေးဆွဲ

မြိတ်မြို့မှ ရေမိုင် (၁၄) မိုင်ခန့် ဝေးသည့် ကျွန်းစုမြို့သို့ သွားရောက်မည့် ခရီးသည်များ ပိုမိုအဆင်ပြေစေရေး အတွက် ဂန္ဓမာ အမြန်ရေယာဉ် လိုင်းသစ် တစ်ခုအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံ ပြေးဆွဲခွင့် ပြုလိုက်ရာ ယနေ့ ဧပြီလ (၃၀) ရက်နေ့ နံနက် (၈)နာရီမှ  စတင်ပြီး ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

ယခင်က ကြံတိုင်းအောင် အမြန်ရေယာဉ်လိုင်း တစ်ခုတည်းသာ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က စတင်ပြီး နေ့စဉ် အသွား အပြန် ပြေးဆွဲလျက် ရှိသော်လည်း ယခု ဂန္ဓမာ အမြန်ရေယာဉ် လိုင်းသစ်တစ်ခု ထပ်မံ ပြေးဆွဲခွင့် ရရှိခဲ့၍ စုစုပေါင်း အမြန်ယာဉ်လိုင်း (၂)ခု ဖြင့် ပြေးဆွဲလျက် ရှိရာ ကျွန်းစုမြို့နယ် ပြည်သူများ ခရီး သွားလာရာတွင် ပိုမို အဆင်ပြေလျက် ရှိကြောင်း သိရသည်။

အခု အသစ် ပြေးဆွဲမည့် ဂန္ဓမာ အမြန်ရေယာဉ်လိုင်း အနေဖြင့် ယာဉ်စီးခ ခရီးသည် တစ်ဦးလျှင် (၁၀၀၀ိ)ကျပ်နှုန်းဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့သို့ နံနက် (၈)နာရီတွင် လည်းကောင်း၊ ကျွန်းစုမြို့မှ မြိတ်မြို့သို့ နံနက် (၉)နာရီတွင် လည်းကောင်း၊ မြိတ်မှ ကျွန်းစုသို့ နေ့လည် (၁)နာရီခွဲတွင် လည်းကောင်း၊ ညနေ (၃)နာရီ ခွဲတွင် ကျွန်းစုမြို့မှ မြိတ်မြို့သို့ လည်းကောင်း တစ်နေ့ (၄)ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး ခုတ်မောင်းချိန်မှာ (၄၅)မိနစ်ခန့် ကြာမြင့်မည် ဖြစ်သည်။





0 comments: