Sunday, April 6, 2014

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ် ဖြစ်နိုင်ခြေ လျော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်မြို့၌ ပြုလုပ်



ပညာရေးဝန်ကြီးဌာန ၊ ယူနက်စကို နှင့် Save the Children (Myanmar) တို့ ပူးပေါင်းပြီး တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပညာရေး စီမံခန့်ခွဲသူများအား သဘာဝဘေး အန္တရာယ် ဖြစ်နိုင်ခြေ လျော့ချရေး ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားအား  ဧပြီလ (၆) ရက်နေ့ နံနက် (၉)နာရီ အချိန်က မြိတ်မြို့ ကန်ဖျားရပ် အလယ်တန်းကျောင်းခွဲ (ကန်ဖျား)တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဦးသိန်းလွင်က အမှာစကား ပြောကြားရာတွင် ပညာရေးသည် ဖွံ့ဖြိုး တိုးတက် မှု၏ အခြေခံ    သော့ချက် ဖြစ်ကြောင်း၊  ပြည်သူများအား ရေရှည် တည်တံသော အနာဂတ် ဖန်တီးနိုင်စေဖို့ စွမ်းအားပေး ရန် အတွက် ပညာရေးကို ကမ္ဘာနှင့် အ၀ှမ်း နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝကြောင့် ဖြစ်စေ၊ လူကြောင့် ဖြစ်စေ ပေါ်ပေါက်လာသော ဘေးအန္တရာယ်များသည် ပညာရေးကို များစွာ ထိခိုက်စေကြောင်း၊ ထို့အတွက်ကြောင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ လျှော့ချရေး ပညာပေး အစီအစဉ်ကို ပညာရေးကဏ္ဍ၌ ချိန်ဆက် ဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။ 

 ထိုနောက် တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထွန်းရီက သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေ လျော့ချရေး နှင့် ပတ်သက်၍ ပညာရေး ကဏ္ဍမှ ဆောင်ရွက်မည့် အစီအစဉ် များအား ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ် လာပါက အုပ်ချုပ်ရေး အဖွဲ့အစည်းများ အနေဖြင့် ပေါင်းစပ် ကူညီ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များအား ဆွေးနွေးပြီးနောက် အလုပ်ရုံဆွေးနွေး ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပညာရေးဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (အငြိမ်းစား) ဆရာမကြီး ဒေါ်စောရွှေဘုက တင်ပြဆွေးနွေးပြီးနောက် အခမ်းအနား ရုပ်သိမ်းလိုက်သည်။ 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား ဧပြီလ (၆) ရက်နေ့မှ (၉)ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး တနင်္သာရီတိုင်း အတွင်းရှိ ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ လက်ထောက် မြို့နယ်ပညာရေးမှူးများ စုစုပေါင်း အင်အား (၃၅)ဦး တက်ရောက်ဖြစ် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: