Saturday, November 17, 2012

မြိတ်မြို့တွင် ဓားခုတ်မှုများ ဖြစ်ပေါ်မှု များမှာ ကောလာဟလများသာ ဖြစ်ပြီး ထိတ်လန့် စိုးရိမ်စရာ မလိုပဲ အေးချမ်းစွာ သွားလာနိုင်ကြောင်း တာဝန်ရှိအဖွဲ့အစည်းများမှ ထုတ်ဖော် ပြောဆို

မြိတ်မြို့တွင် ဓားခုတ်မှုများ ဖြစ်ပေါ်မှု များမှာ   ကောလာဟလ များသာ ဖြစ်ပြီး ထိတ်လန့် စိုးရိမ်စရာ မလိုပဲ အေးချမ်းစွာ သွားလာနိုင်ကြောင်း တာဝန်ရှိအဖွဲ့အစည်းများမှ ထုတ်ဖော် ပြောဆို

မြိတ်မြို့တွင် ဓားခုတ်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့် နေမှု အပေါ် ၄င်း သတင်းများမှာ  ကောလာဟလ သတင်းများသာ ဖြစ်ပြီး ပြည်သူများ အနေဖြင့် စိုးရိမ် ထိတ်လန့်စရာ မရှိကြောင်း နှင့် ပုံမှန် အတိုင်း အေးချမ်းစွာ သွားလာ နိုင်ကြောင်း တာဝန်ရှိသူများမှ ပြောကြားသည်။

အဆိုပါ ဓားခုတ်မှု ဖြစ်စဉ်မျိုး မြိတ်မြို့တွင် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ မြိတ်မြို့ မြို့မ ရဲစခန်းသို့လည်း လာရောက် တိုင်တန်းသူ မရှိကြောင်း၊ မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင်လည်း ယင်း ဖြစ်စဉ်မျိုးနှင့် ပတ်သက်၍ ဆေးဝါးကုသမှု ခံယူနေသူများ မရှိကြောင်း ၊ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများသို့လည်း အဆိုပါ ဖြစ်စဉ်မျိုးနှင့် ပတ်သက်၍ တိုင်တန်း မှု မရှိကြောင်းနှင့် ပြည်သူများ အနေဖြင့် ၄င်း ကောလာဟလ ထွက်ပေါ် လာမှု အပေါ် စိုးရိမ် စရာ မရှိကြောင်း  မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အထက(၃) ကျောင်းသူ မခင်ပပဇင် သတင်းသည်လည်း ဓားဖြင့် ခုတ်ခံရမှု မဟုတ်ကြောင်း၊ ဒသမတန်း  ကျောင်းသူ မခင်ပပဇင်သည် ၁၂-၁၁-၂၀၁၂ ရက်နေ့တွင် ကျောင်းတက်ရန် အတွက် မြိတ်မြို့မ ရဲစခန်း အနောက်ဖက် တောကျောင်း လမ်းအတိုင်း လမ်းလျှောက်လာစဉ် ဘိုးဘိုးကြီး နတ်စင် အနီး အရောက် အမည် မသိ အသက် (၁၀)နှစ် ခန့်အရွယ် ကလေး ငယ် တစ်ဦးမှ တုတ်ချောင်း တစ်ချောင်းအား ကိုင်ပြီး ဝှေ့ရမ်း လာရာမှ မခင်ပပဇင်အား မတော်တဆ ထိခိုက်မိသော ကြောင့် ၄င်း၏ ၀မ်းဗိုက် အရေပြား ပွန်းခြစ် ဒဏ်ရာ ရရှိ၍ ပလာစတာ ကပ်ပေးခဲ့သည့် ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၊ အထက(၃) ကျောင်းအုပ် ဆရာမကြီး  ဒေါက်တာ ဒေါ်သင်းသင်းခိုင်က အတည်ပြု ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့ရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ သည် မြိတ်မြို့နေ ပြည်သူများ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက် သွားလာရေး အတွက် ရှေ့ရှုပြီး အရပ်ဝတ်များ ၀တ်ဆင်ကာ ရပ်ကွက် အသီးသီးသို့ နေ့ညမပြတ် သွားရောက်ပြီး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ၊ ပြီးခဲ့သည် အောက်တိုဘာလ က ဖြစ်ပွားခဲ့သည့် ကားမှန် ရိုက်ခွဲသူ များ အားလုံးကိုလည်း ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မြိတ်မြို့ ဓားခုတ်မှု ကောလာဟလ ကိုလည်း ဖော်ထုတ်ရန် အတွက် (၁၄-၁၁-၂၀၁၂) ရက်နေ့ မှ စတင် ဖော်ထုတ်နေပြီ ဖြစ်ကြောင်း မြိတ်မြို့ ပြည်သူ လူထု အနေဖြင့်လည်း စုစည်း ပူးပေါင်းပြီး အဖြစ်မှန် ဖော်ထုတ်ရန် လိုအပ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

0 comments: