Monday, November 11, 2013

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ စစ်ဆေးမှု တာဝန် ထမ်းဆောင်နေသူ များအား နယ်ကျွံရောက် ရှိလာသော ရဲဝန်ထမ်းတစ်ဦးမှ ၀တ္တရားနှောင့်ယှက် ပြဿနာရှာ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်တွင် လုံခြုံရေး စီမံချက်အရ ညပိုင်း အချိန် သွားလာသူများအား လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်းကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူများမှ နယ်မြေ အလိုက် ခွဲခြားပြီး နေ့စဉ်နီးပါး ပြုလုပ်ဆောင်ရွက်လျှက် ရှိသည်။ 




၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်၊ ည (၁၀း၃၀)အချိန်ခန့် ကန်ဖျားနယ်မြေ၊ ပိတောက်ပင်လမ်းဆုံ၌ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် အမျိုးသမီး တစ်ဦး တင်ဆောင်မောင်းနှင် လာသော ဆိုင်ကယ်တစ်စီး ပိတ်ဆို့ စစ်ဆေးရာသို့ ဖြတ်သန်းရောက်ရှိလာသဖြင့် လုံခြုံရေးစီမံချက်အရ စစ်ဆေးမှုပြုလုပ် ခံရန် ပြောဆိုသည့် အခါ ဆိုင်ကယ်မောင်းနှင်လာသူမှ အစစ်ဆေး မခံနိုင်ကြောင်း ငြင်းဆန်ပြောဆိုပြီး မိမိသည် မြိတ်မြို့သို့ နိုဝင်ဘာလ (၉)ရက်နေ့၌ ရဲအုပ် စာမေးပွဲဖြေ ဆိုရန် ရောက်ရှိ လာသော ကော့သောင်း ခရိုင်မှ လူကုန်တား ဒုရဲအုပ် ကျော်လင်းအောင် ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရန် လာသော လူကုန်တား ဒုရဲအုပ် တစ်ယောက်ကို စစ်ဆေးစရာ အကြောင်းမရှိ၊ ယခုမောင်းနှင်လာသော ဆိုင်ကယ်မှာ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်သည်ဟု ရွဲ့စောင်းပြောဆိုပြီး မချေမငံဖြင့် ပြဿနာရှာခြင်း၊ ရစ်ခြင်း၊ ၀န်ထမ်းကဒ်ပြခိုင်းရာ တွင်လည်း ထုတ်ပြနိုင်ခြင်း မရှိဘဲ ပိတ်ဆို့ စစ်ဆေး တာဝန်ကျသူ တစ်ဦး၏ အင်္ကျံကော်လံ အောက်နားသို့ဆွဲ၍ လက်သီးဖြင့်ချိန်ရွယ် ဆဲဆိုခြိမ်းခြောက်ခြင်းများ ပြုလုပ်သဖြင့် အချေ အတင်ဖြစ်ခဲ့သော် လည်း တာဝန်ကျ အဖွဲ့ဝင်များမှ ပြဿနာ ပိုမို မကြီး ထွားစေရန် ပြန်လည် ဖြေလျော့ ပေးခဲ့ကြောင်း သိရ သည်။ 

ပိတ်ဆို့ စစ်ဆေးမှုပြုလုပ် ရာတွင် ပြည်သူ များမှ ကြည်ဖြူစွာ စစ်ဆေး ခံယူခဲ့သော်လည်း ရဲဝန်ထမ်း တစ်ဦးဖြစ်ပါ လျက်နှင့် အရက်မူးပြီး ဥပဒေကို မထီမဲ့မြင်ပြုကာ တာဝန် ၀တ္တရားနှောင့် ယှက်သော ကော့သောင်း ခရိုင် လူကုန်တား ဒုရဲအုပ် ကျော်လင်းအောင် အား ထိရောက်စွာ အရေးယူဆောင်ရွက် သင့်ကြောင်းကို ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ရာ တာဝန်ကျ ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်များအရ သိရှိရသည်။

0 comments: