Friday, November 1, 2013

ရေသယံဇာတ ငါးပုစွန်များနှင့် ဆူနာမီ မုန်တိုင်းများ ဒဏ်ခံ ပင်လယ်ကမ်းစပ် ဒီရေတောများကို ထိန်းသိမ်းရန် လိုအပ်



မြန်မာနိုင်ငံရှိ ပင်လယ် ကမ်းစပ်များတွင် ပင်လယ်ရေ တိုက်စားမှုများကြောင့် ဖြစ်ပေါ်လာသော ဒီရေတော ပြုန်းတီးမှုများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ အနေဖြင့် စနစ်တကျ ထိန်းသိမ်းမှသာ ဒီရေတောများကြောင့် မုန်တိုင်း တိုက်ခတ်ပါက လေအရှိန်ကို များစွာလျော့နည်း စေသည့် အပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက် မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက ပြောကြားခဲ့သည်။



ပြည်တွင်း ပင်လယ် ကမ်းစပ်ဒေသ များတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ဒီရေတော များကို ဒေသခံများက စိုက်ပျိုးမြေ အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့များကို တင်ပြ တောင်းခံမှုများ ရှိနေပြီး သဘာဝ အလျောက် ပေါက်နေသော ဒီရေတောများမှာ  သက်ရှိ သတ္တဝါများ အားလုံးနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် အလွန် အဖိုးတန်သောကြောင့် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုသူ ဦးစည်သူလွင်က ပြောကြားခဲ့သည်။

လက်ရှိဒီရေ တောများသည် ပြန်လည် စိုက်ပျိုးသော ဒီရေတောများထက် သက်ရှိ ဇီဝများနှင့် ငါးသယံဇာတများ ရှားပါးလာမှုကို ကာကွယ် ပေးနိုင်သောကြောင့် သဘာဝအလျောက် ဖြစ်ပေါ် လာသော ဒီရေတောနှင့် သောင်ခုံ ကျွန်းများကို ဂရုတစိုက် ထိန်းသိမ်းခြင်းသည် မုန်တိုင်း အန္တရာယ်အပြင် ငါးငယ်လေး များ၊ ပုစွန်များနှင့် ကဏန်းများ ပေါက်ပွားကြီးပြင်းရာ ဘူမိနက်သန် နေရာ များကို ထိန်းသိမ်းခြင်း ဖြစ်သောကြောင့် ရေသယံဇာတ များကိုလည်း ထိန်းသိမ်းရာ ရောက်ကြောင်း ရေသယံ ဇာတ ထိန်းသိမ်းရေး ပညာရှင် လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါ ဒီရေတောများမှာ လူသားများ အတွက်လည်း အလွန် အရေးကြီးပြီး သဘာဝ ပတ်ဝန်းကျင် ဆိုးရွားလာမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး အတော်များများကို ကာကွယ် ပေးသည့် အပြင် လူသားများ၏ စားသောက်ရေးတွင် ကျန်းမာရေးနှင့် ညီညွတ်သော အသား ဓာတ်ကိုလည်း ရေထွက် ပစ္စည်းများမှ ရရှိသောကြောင့် ယင်းရေထွက် သယံဇာတများ စုဝေး ပေါက်ပွားရာ ဒီရေတောသည် ငါးပေါက်ကလေးများကို ငါးကြီးများ၏ ဖမ်းယူ စားသောက်ခြင်း အန္တရာယ်မှ ကင်းဝေးရန်အတွက် အရေးပါကြောင်း ကဏန်း အဓိကဖြင့် ပါရဂူဘွဲ့ရ ရှိထားသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြ၀တီ ရန်ကုန် အောက်တိုဘာ ၃၁

0 comments: