Wednesday, November 6, 2013

တနင်္သာရီမြို့၌ နာရေးအထောက်အကူပြုပစ္စည်းများပေးအပ် လှူဒါန်း

တနင်္သာရီ တိုင်းဒေသကြီး ၊ တနင်္သာရီမြို့ အတွက် နာရေးအထောက် အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို နိုဝင်ဘာလ(၅)ရက် နံနက် (၁၀း၁၅) နာရီတွင် ချောင်းကြီးကျောင်း ဓမ္မာရုံ၌် ကျင်းပရာ မြို့နယ်သံဃာ့ နာယက အဖွဲ့ ဥက္ကဌ ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ အလှူရှင် ဦးအောင်ကျော်မြင့် ဇနီး ဒေါ်အိအိလင်း မိသားစု နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက် လာကြသူများက ချောင်းကြီးကျောင်းတိုက်မှ ဆရာတော် အရှင် တိလောကထံမှ ငါးပါးသီလ ခံယူကြပြီး မြိတ်မြို့ နောက်လယ်ရပ် (၁၁)လမ်း အောက်ဘလောက်နေ ရတနာ မိုးပြည့်ထွန်း နှင့်ပတ္တမြား နဂါး ကုမ္ပဏီ တို့၏ ဒါရိုက်တာ ဦးအောင်ကျော်မြင့် ဇနီးဒေါ်အိအိလင်း မိသားစုမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ တနင်္သာရီမြို့ လူမှုကူညီရေး အကျိုးဆောင် အဖွဲ့သို့ အလျား(၇)ပေ၊ အနံ(၃၂)လက်မ ပတ်လည်ရှိ အအေးခေါင်း သေတ္တာ (၁)လုံး၊ ယင်းနှင့် တွဲသုံးရန် မီးစက်(၁)လုံးနှင့် နားနေဆောင်(၁၅)ပေ× (၁၈)ပေအရွယ် ယာယီ မဏ္ဍပ်စသည့် နာရေးကိစ္စများတွင် အသုံးပြုရန် အထောက်အကူ ပစ္စည်း များအား ပေးအပ် လှူဒါန်းရာ တနင်္သာရီမြို့ လူမှု ကူညီရေး အကျိုးဆောင် အဖွဲ့မှ ဦးကျင်စိုင်နှင့် ဦးရဲထွန်းလွင် တို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ချောင်းကြီးကျောင်းတိုက်မှ ဆရာတော် အနုမောဒနာတရားများ နာယူကြ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနား ရုပ်သိမ်းသည်။ အခမ်းအနား အပြီးတွင် ဆရာတော် သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ် အပေါင်းအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: