Thursday, May 29, 2014

အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် တနင်္သာရီတိုင်းအတွင်းတွင် ငွေ(၁)ဘီလီယံ ထုတ်ချေးပေးမည်

အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းများချဲ့ထွင်နိုင်စေရေး၊ ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ
ရေးအတွက် ရည်ရွယ်၍ အသေးစားလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SEM)မှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားစက်မှု လက်မှုလုပ်ငန်း ရှင်များ အား ငွေကျပ်(၁)ဘီလီယံ ထုတ်ချေးပေးသွားမည်ဖြစ်ကြေင်း သိရသည်။


ထိုသို့ ချေးငွေထုတ်ချေးပေးမှုနှင့်ပတ်သက်၍ အသေးစားအလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို မေလ(၂၈)ရက် နံနက်(၁၀း၃၀)နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ကျွန်းရတနာခန်းမ၌ ကျင်းပရာ ရှေးဦးစွာ တနင်္သာရီတိုင်း
ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းဆွေ က အမှာစကားပြောကြား ရာတွင် တချို့သော လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်တကယ်ရမည်ကိုသိသော်လည်း လုပ်ငန်းကိုတိုးချဲ့ရန်အတွက် ငွေကြေးစိုက် ထုတ်ရန် အခက်အခဲရှိ သူများအတွက် များစွာ အဆင်ပြေနိုင်သော အစီအစဉ်တစ်ခုဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စီစစ်ရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးဆန်းထွဋ်ကို က ချေးငွေ ထုတ်ချေးပေး မှု နှင့်ပတ်သက်ပြီး လိုအပ်ချက်များကိုပြောကြားသည်။

ထိုနောက် စက်မှုလက်မှုလုပ်ငန်းရှင်များကိုယ်စား မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းမှ မိမိတို့ဒေသနှင့်နီးစပ် လျက်ရှိသော တဖက်ထိုင်းနိုင်ငံမှ အသေးစားအလတ်စားစက်မှု လက်မှုလုပ်ငန်းများကို အမှီလိုက်နိုင်ရန်အတွက် ယခုကဲ့သို့ချေးငွေထုတ်ချေးပေးမှုက မိမိတို့လုပ်ငန်းရှင်များအတွက် အားတစ်ခုဖြစ်စေကြောင်း ဆွေးနွေးတင်ပြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါချေးငွေများကို လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ လုပ်ငန်းရှင်တစ်ဦးကို အများဆုံးငွေကျပ်သိန်း တစ်ထောင်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ အတိုးနှုန်းမှာ (၈.၅) ကျပ်ဖြစ်ကြောင်း၊ အတိုးကို (၃)လတစ်ကြိမ် ဘဏ်သို့ ပုံမှန်သွင်းရမည်ဖြစ်ပြီး (၃)နှစ်အတွင်းပြန် လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

0 comments: