Thursday, May 15, 2014

တနင်္သာရီမြို့နယ်၌ ဘိန်းစာပင်များအား စုပေါင်း ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာ အုပ်စု အရှေ့ သမီးလှ ကျေးရွာ ဘန်ကြုတ် ဒေသရှိ ဘိန်းစာပင် များအား မေလ(၁၂)ရက် နံနက်(၈း၁၀)နာရီက စုပေါင်း ဖျက်ဆီးကြရာ ပင်စည် လုံးပတ်(၅) လက်မခန့်နှင့် အမြင့်(၁၂)ပေ ခန့်ရှိသော (၁၁၀၀)ပင်၊ ပင်စည် လုံးပတ်(၃) လက်မခန့်နှင့် အမြင့်(၅)ပေခန့် ရှိသော(၄၅၀)ပင် စုစုပေါင်း (၁၅၅၀)ပင် ဘိန်းစာရွက် အစို (၇၇၅) ကီလိုဂရမ် စုစုပေါင်း (၁၉၃၇၅၀၀၀)ကျပ် တန်ဖိုးကို  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခု ဖျက်ဆီးခြင်းသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက တနင်္သာရီမြို့နယ် သမီးလှကျေးရွာ အရှေ့ဘက် (၂)မိုင် အကွာ သကျက် ကြိုးပြင်တော ဧရီယာ အတွင်း တရားမ၀င် စိုက်ပျိုး ထားသော ဘိန်းစာပင် စုစုပေါင်း ၁၃၀၆ ပင်အား ဖျက်ဆီးခဲ့သည်။

အဆိုပါ ဘိန်းစာပင်များအား ဖျက်ဆီးခြင်းကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် ဦးစီးလျက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တနင်္သာရီ တိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ခမရ(၅၆၁)မှ တပ်မတော် သားများ၊ ကေအင်ယူငြိမ်းချမ်းရေး အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရွာသူရွာသားများ၊ တိုင်းရင်းသား/ သူများ စုပေါင်း ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဘိန်းစာရွက်ပင်သည် ကြီးထွားမှုနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ် အရွယ်တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်း တွင်လည်း ထိုဘိန်းစာရွက်ကို ရာဘာခြစ် လုပ်သားများက တွင်ကျယ်စွာ အသုံးပြုကြသည်။

ဘိန်းစာပင်ကို ရုက္ခဗေဒ အခေါ်အရ Mitragyna specious အပင် အမျိုးအစား ဖြစ်သည့် ထို ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင် အဖြစ် တွေ့ရှိရသည်။

ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက် ဆေးရည်၊ ကော်ဖီမစ်၊ အချိုရည်တို့ဖြင့် ရောစပ်သောက်သုံးခြင်းဖြင့် တဖြည်းဖြည်း ယစ်မူးကာ အအေးဒဏ်၊ အမောဒဏ်ကို ခံနိုင်ပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းသည်ဟု သိရှိရသည်။ တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်ဒေသဘက်ရှိ ရေလုပ်သားများကလည်း ဘိန်းစာရွက်ကို အမောဒဏ် ခံနိုင်ရန် အသုံးပြုကြပြီး၊ အချို့မှာ ဆီးချို၊ သွေးတိုးနှင့် ကိုယ်လက် ကိုက်ခဲခြင်းကို သက်သာစေရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။

သို့သော် လည်း ယခုလူငယ်များ သုံးစွဲသကဲ့သို့ ရောစပ်သုံးစွဲခြင်း မဟုတ်ဘဲ အရွက်ကို ဝါးစားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၅ ခုနှစ်ခန့်က စတင်ပြီး ဘိန်းစာပင်နှင့် ဘိန်းစာရွက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဥပဒေအရ မူးယစ် ဆေးဝါး အဖြစ် သတင်း သတ်မှတ်ထားပြီး ဖြစ်သည်။

(မေလ (၁၅) ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာမှ ကူးယူဖော်ပြပါသည်)

2 comments:

နေလင်းထိုက် said...

မပူနှင့် ခြောက်သွားရင် အဖွဲ့ပါလူအားလုံး အမှုန့်လုပ်ရောင်း ရငွေခွဲယူကြပေါ့

နေလင်းထိုက် said...

ရောစပ်နည်း
ဘိန်းစာရွက်သတ္တုရည်ထဲ အဖုံးနီ ကော်ဖီမစ် ရောပြီးသောက် ရင် ဘဲရီးဂွတ် ။try it !