Monday, May 12, 2014

မြိတ်မြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ 
အလုပ် ရုံဆွေးနွေး ပွဲကို မေလ(၁၂)ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းများမှ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။


ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသိန်းလွင်မှ အမှာစကား ပြောကြားရာတွင် မြိတ်ခရိုင်တွင် စက်ရုံ အလုပ်ရုံ အလုပ် ဌာနပေါင်း (၉၇၁၀)ဌာန ရှိကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း လုပ်ငန်း များ ဆောင်ရွက် နေချိန်တွင် အစိုးရ အလုပ်ရှင် အလုပ်သမား သုံးဦး သုံးဖလှယ် အပေး အယူ မျှတစွာ ဆောင်ရွက်သွားနိုင်မှ လုပ်ငန်းခွင် အေးချမ်း သာယာမှု ရှိမှာဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးကျော်ဝင်းက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဥပဒေ နည်းဥပဒေများ အကြောင်းကို လည်း ကောင်း၊ အမျိုးသား စီမံကိန်းရေးဆွဲရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်သန်းက စီမံကိန်း ရေးဆွဲရေး ဆိုင်ရာ ကိစ္စ ရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက် လာကြသော အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ် များက ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းများတွင် ကဏ္ဍ အလိုက်ခွဲ၍ ဆွေးနွေး ညှိနှိုင်းခဲ့ ကြသည်။ ဆွေးနွေးညှိနှိုင်းပြီး အစုအဖွဲ့ ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်တို့က အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး တို့ကို ဆွေးနွေး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးမှ ဆွေးနွေးချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် အလိုက် ခရိုင်အလိုက် အနည်းဆုံးအခ ကြေးငွေ သတ်မှတ်ရေး ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် သွားကြရန် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရ ရှိသည်။

0 comments: