Thursday, May 8, 2014

တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကန်သာယာ - ကင်းဆိုး ကျောက်ခင်းလမ်း သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီပဲ ဖောက်လုပ်ထားဟုဆို

မြိတ်ခရိုင် မြိတ်မြို့နယ် အင်္ဂမော် ကျေးရွာအုပ်စု ကန်သာယာ ကျေးရွာမှ ကင်းဆိုး ကျေးရွာ အထိ ကျေးရွာချင်း ဆက် ကျောက်ခင်းလမ်း (၂မိုင်-၄ဖာလုံ ) လမ်းသည် တင်ဒါရယူ လုပ်ငန်းရှင်မှ တင်ဒါ ရငွေ များကို လုပ်ငန်းတွင် အပြည့်အ၀ မသုံးမပြုပဲ လမ်းဖြစ်မြောက်ရုံ ၊ ကျောက်ခင်းရုံ သက်သက်ဖြင့် ပုံစံ မကျ ဆောင်ရွက်နေသည်ကို ကျေးရွာသူ ကျေးရွာသားများမှ ကျေနပ်မှု မရှိသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြား ထားကြောင်း ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးထံမှ သိရသည်။ 



မွေးရေ/ ကျေးလက် ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေ ကျပ် သိန်း (၁၃၀၀)နီးပါးခန့်ဖြင့် အဆိုပါ ကန်သာယာ - ကင်းဆိုး ကျောက်ခင်းလမ်းအား ဖောက်လုပ်ရန် အတွက် တင်ဒါ အောင်မြင်သူမှာ ပုလောမြို့မှ ဦးသိန်းလွင် (ဒေသလုပ်ငန်းရှင် ) တစ်ဦးဖြစ်ပြီး ထိုလမ်းကို အကျယ် (၁၂) ပေ အရှည် (၂.၄) မိုင် ဖောက်လုပ် ကျောက်ခင်းရန် အတွက် ဆောင်ရွက်ရမည် ဖြစ်သည်။ 

အဲဒီလမ်းဖောက်တာ ကျပ်သိန်းငါးရာ လောက်ပဲ ကုန်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်တဲ့ သိန်း ရှစ်ရာ နီးပါး ကန်ထရိုက်က မြတ်သွားနိုင်တယ်။ အဲဒီ ကန်ထရိုက်က လမ်းဖြစ်ရုံ သက်သက်သာ ဖောက်သွား တာပါ။ အကျယ်လဲ (၁၂)ပေ မရှိပဲ (၉) ပေခွဲလောက်ပဲ ရှိတယ်။ လမ်းပုခုံးလဲ မရှိဘူး၊ ရေမြောင်းလဲ မရှိဘူး၊ ပြီးတော့ ရေထွက်ပေါက် ပြွန်တွေ ကလည်း မြေသားအောက် နိမ့်နေပီး ရေစီးထွက်ဖို့ မလွယ်ကူဘူး၊ မိုးရာသီ ရောက်လာ တာနဲ့ လမ်းပုခုံး မရှိဘဲ ခင်းထားတဲ့ ကျောက်တွေဟာ လမ်းနုတ်ခမ်း ရေတိုက်စားပြီး ခင်းထားတဲ့ ကျောက်တွေ ဟာ ပျက်စီးကုန်မှာ သေချာပါတယ်။ နိုင်ငံတော် ဘတ်ဂျက်နဲ့ အကုန် ကျခံပြီး ဖောက်လုပ် ထားပေမယ့် အဲဒီ လို အဆင့်မမှီတဲ့ အတွက် ကျွန်တော် ဒေသခံတွေအတွက် အကျိုးမရှိ ဖြစ်နေ ပါတယ်ဟု ။ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ 

မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်ကလဲ `` ကျွန်တော်တို့ အဲဒီလမ်းကို ဆင်းပြီး စစ်ဆေး ကြည့်ရှုပြီး ပါပြီ။ သတ်မှန် စံချိန် စံညွှန်းနဲ့ မကိုက်ညီပါဘူး ၊ အဲဒီ ကိစ္စကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ သိအောင် တင်ပြသွား ပါမယ်ဟု `` အတည်ပြု ပြောကြား ခဲ့သည်။

0 comments: