Sunday, April 12, 2015

သင်္ကြန်ပွဲတော်နှင့် သတိပြု ဆင်ခြင် ဖွယ်ရာများ

 သင်္ကြန်ပွဲတော်နှင့် သတိပြု ဆင်ခြင် ဖွယ်ရာများ …

   မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် ပျော်စရာ အကောင်းဆုံးဖြစ်သော သင်္ကြန်ပွဲတော်အခါ သမယသို့ မကြာမီရက်ပိုင်းတွင် ကျရောက်တော့ မည်ဖြစ်သည်။ ထိုသင်္ကြန် ပွဲတော်သည် စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ကောင်းသော် ငြားလည်း အသွားမတော် တစ်လမ်း၊ အစားမတော် တစ်လုတ် ဆိုသည့် စကားပမာ ဆင်ခြင်တွေးဆ ဂရုပြုသင့်သည်များကို သတိမမူပါက စိတ်ကြေကွဲ ဝမ်းနည်း ဖွယ်ရာများလည်း ကြုံရတတ်ပေသည်။ သတိဟူသည် တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိခြင်း၊ အောက်မေ့ခြင်း၊ အမှတ်ရခြင်းဖြစ်သည်။


မည်သည့်အမှုကိစ္စမဆို ဆောင်ရန် ရှောင်ရန်များကို သတိတရားထား ပြုမူမှသာ အကျိုးတရားများ ခံစားကြရပြီး သတိတရားမထားဘဲ ပြုမူပါက အကျိုးမရှိ ပျက်စီး ယုတ်လျော့မှုကြုံရ တတ်ပေသည်။ ထို့ကြောင့်ပင် ပညာရှိတို့က သဒ္ဓါလွန်လျှင်တွန့်သည်။ ဝီရိယလွန်လျှင် ဆွံ့သည်။သမာဓိလွန်လျှင်ပျံ့သည်။ ပညာလွန်လျှင် ကွန့်သည်ဟု ညွှန်းဆိုထားကြပြီး လွန်သည်ဟူ၍ မရှိသည်က သတိ ပင်ဖြစ်ကြောင်း ဆိုထားကြပေသည်။

လောကတွင် လူတို့သည် မကြုံစဖူးထူးကဲသည့် အဆင်း၊ အနံ့၊ အရသာ၊ အဖြစ်အပျက်တို့နှင့် တွေ့လျှင်သတိလက်လွတ် ဖြစ်တတ်ပေရာ တစ်နှစ်မှ တစ်ခါကြုံရသည့် ပျော်စရာ အလွန်ကောင်းသော ရေသဘင် ပွဲတော်အခါ သမယတွင် သတိလက်လွတ် မဖြစ်စေရာ တွေးဆသင့်ပေသည်။ ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ်သင်္ကြန် ကာလ လေးရက်တာ အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ လူသတ်မှုငါးမှု (ငါးဦးသေ၊ခြောက်ဦးဒဏ်ရာရ)၊ မုဒိမ်းမှုသုံးမှု၊ ယာဉ် မတော်တဆမှု ၂၅မှု(လေးဦးသေ၊ ၈၈ဦးဒဏ်ရာရ)၊ခိုက်ရန်ဖြစ်ပွားမှု ၆၄ မှု(၁ဝ၂ဦး ဒဏ်ရာရ)၊ ဝတ္တရားနှောင့် ယှက်မှုနှစ်မှု(နှစ်ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု ၁၃မှု၊ ကာယိနြေ္ဒ ပျက်စီးမှု ငါးမှု၊ အခြားအမှု ခြောက်မှု၊ခိုးမှုနှင့် ဓားပြတိုက်မှု ၅၂မှု၊ သေမှုသေခင်း ငါးမှု(ခြောက်ဦးသေ)၊ လက်နက်ကိုင်ဆောင်မှု ၁၄မှု စုစုပေါင်း ၁၉၄ မှု ဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံးကာ ၁၉၈ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ၂ဝ၁၄ခုနှစ်ဧပြီ ၁၉ရက် ထုတ်မြဝတီ သတင်းစာတွင် ဖော်ပြထားပေရာ ယခုနှစ် သင်္ကြန် ပွဲတော်တွင် ထိုသို့သော အမင်္ဂလာ ဖြစ်စဉ်များ လျော့နည်း ပပျောက်ရေး အသိတရားပွားများ ဖွယ်ရာပင် ဖြစ်သည်။

သို့ဖြစ်ရာ သင်္ကြန်ပွဲတော်ကြီးတွင် ပျော်ရွှင်ကြရာ၌ အန္တရာယ် ကင်းဘေးရှင်းစေရေး သတိပြုဆင်ခြင်ဖွယ်ရာများကို တင်ပြချင်ပါသည်။

သင်္ကြန်ပွဲတော် ကျင်းပသော တန်ခူးလသည် အပူရှိန်ပြင်းထန်သော လဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူများ ကျန်းမာရေး အသိရှိစေ ရန်အတွက် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များကို သတင်းစာနှင့် အခြား မီဒီယာများမှ ထုတ်လွှင့် ဖော်ပြနေသော ကာလဖြစ်သည်။ ထိုနှိုးဆော် ချက်ထဲတွင် အပူဒဏ် ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် နံနက်၁ဝ နာရီမှ ညနေ ၅နာရီ အတွင်းလွင် တီးခေါင်ပြင်၊ မြစ်ကမ်းနား ရေဆိပ်တို့တွင် ရေချိုးခြင်း၊ နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်း၊ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုပြုခြင်းနှင့် အရက်သေစာ သောက်စားခြင်း စသည့်အပြု အမူများကို ရှောင်ကြဉ်ရန် ပါရှိပေသည်။ သင်္ကြန်ကာလ နေပူရှိန်ပြင်းထန် ချိန်ဝယ် ရေကစားခြင်း၊ ကခုန်ခြင်းနှင့် အရက်သေစာ သောက်စား မှုပြုရာတွင် ကျန်းမာရေး ထိခိုက် နိုင်ပေရာ သတိပြုဖွယ်ရာ ဖြစ်သည်။

ထိုပမာပင် နောက်ထပ် ဂရုပြုဖွယ်ရာ တစ်ခုမှာ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖြင့် လှည့်လည် သွားလာရာတွင် ယာဉ်မတော်တဆမှုများ ကင်းစင် ရေးပင် ဖြစ်သည်။ သင်္ကြန်ကာလတွင် မြို့ရွာအသီးသီး၌ သာမန်အချိန်များထက် ပိုမို၍ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပွားလျက် ရှိပေသည်။ ထို့အပြင် ယာဉ်မောင်းသူ အချို့မှာလည်း သောက်စား မောင်းနှင်မှုများရှိကြပေသည်။ သာမန်အချိန်တွင် မသောက်မစားဘဲ ယာဉ်မောင်းရင်း နှင့်ပင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေကြရာ သင်္ကြန်ကာလ ယာဉ်ကြော ကျပ်ချိန်တွင် မူးယစ်သောက်စား မောင်းနှင်သူများကြောင့် ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်နိုင်ခြေ များပေရာ သတိပြုဖွယ်ရာ ပင်ဖြစ်သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း စိတ်ကြွဆေးများနှင့် ကာမစိတ်ကြွ ဆေးပြားများ ရောင်းချခြင်းနှင့် သုံးစွဲခြင်းမပြုရန်မှာလည်း ဂရုပြုဖွယ်ရာပင် ဖြစ်သည်။

သင်္ကြန်ကာလတွင် လူငယ်လူရွယ်တို့ လည်ပတ်သွားလာ ပျော်ပါးကြရာ၌ အဆိုပါ ဆေးများ သုံးစွဲထားပါက စိတ်အလိုလိုက် မိုက်မှားမိကာ အရှက်တကွဲ ကိစ္စများ ဖြစ်ပေါ်နိုင် သလို တရားဥပဒေနှင့် မလွတ်ကင်းသော အမှုကိစ္စလည်း ဖြစ်သည်။ ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများလည်း ခံစားရမည် ဖြစ်ပေရာ သတိပြု ဖွယ်ရာပင် ဖြစ်သည်။

နောက်တစ်ခု သတိပြုဖွယ်ရာမှာ သင်္ကြန်ကာလ ရေလောင်းရေပက်ပြုခြင်းနှင့် စနောက်ခြင်းတို့တွင် ဂရုပြုရန်ဖြစ်သည်။ မျက်မှောက်ကာလ ရေလောင်း ရေပက်ခြင်းများ ပြုကြရာတွင် တချို့လူများ က ရေပိုက်၊ ရေပုံး၊ ရေခွက်တို့ဖြင့် အလန့်တထိတ် ဖြစ်ဖွယ် ပက်ဖျန်း ကြသလို နောက်ပြောင် ကျီစယ်ရာတွင်လည်း တစ်ဖက် သားမခံ မရပ်နိုင်ဖွယ် စကားအသုံး အနှုန်းများ၊ အမူအရာ များ ပြုမူနေကြ ပေသည်။ ပုဂံခေတ် အခါက နရသီဟပတေ့မင်း ပင်လျှင် နောက်ပြောင် ကျီစယ်မှုများကြောင့် ၎င်း၏ မိဖုရား စောလုံက စိတ်ငြိုငြင်ပြီး စားတော်အုပ်အတွင်းရှိ ဟင်းလျာထဲတွင် အဆိပ်ခတ်၍ အသက်ကို ရန်ရှာသည့်ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ဖူးသည်။

ထို့ကြောင့် အကျီစား သန်ရန်များဆိုသည့် စကားပမာ မဖြစ်စေရေး သတိပြုဖွယ်ပင်ဖြစ်သည်။ သင်္ကြန်ရေကစား မဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များ တည်ဆောက် ရာတွင်လည်း လျှပ်စစ်ကြိုးများ သွယ်တန်းရာတွင် အထူးသတိထား သင့်သည်။ ရေသဘင် ပွဲတော်ဆိုသည့် အတိုင်း ရေလောင်းရေပက်ခြင်း ပြုရာတွင်ရေနှင့် လျှပ်စစ် ကြိုးများ ထိတွေ့ပြီး ဓာတ်လိုက်ခြင်းမှသည် မီးလောင်မှုများ အထိ ဖြစ်တတ်သောကြောင့် သတိပြုရမည့် အရာပင်ဖြစ်သည်။ ထို့ပြင် အဆိုပါ မဏ္ဍပ်များလုံခြုံရေး အတွက် စီစီတီဗွီ ကင်မရာများ တပ်ဆင်ထားသင့်သလို လုံခြုံရေးအဖွဲ့များနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များလည်း ထားရှိသင့် ပေသည်။

သို့မှသာ လူအများ စည်ကားစွာ ပျော်ရွှင်သည့် အချိန်တွင် မလိုတမာနှောင့်ယှက် ဖျက်ဆီးလို သူများ၏ ရန်လည်း ကင်းစေမည်ဖြစ်ရာ သတိပြုဖွယ်ရာပင် ဖြစ်သည်။

အဆိုပါ သတိပြုဖွယ်ရာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် နှိုးဆော်ချက်များ ထုတ်ပြန်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပ၍ ပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို သတင်းမီဒီယာ တို့တွင် တွေ့မြင်နေရ ပေသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း သင်္ကြန် ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရေး ကြိုတင် သတိပေး နှိုးဆော်ချက်များနှင့် မဟာသင်္ကြန် ကာလ အတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်ချက်များ ထုတ်ပြန်ထား ပေသည်။

ထို့အတူ ယဉ်ကျေးမှုဝန်ကြီး ဌာနကလည်း မဟာသင်္ကြန် ပွဲတော်နှင့် စပ်လျဉ်း၍ မြန်မာ့ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ် အလာနှင့် အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေး သိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူ များသည် မိမိတို့ ပင်ပန်းနွမ်း နယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြ စေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက် တတ်ကြစေရန် ဟူသည့် ရည်ရွယ်ချက် တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာ လူမျိုးများ၏ အမြင်တွင် မတင့် တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြပါ ရန်၊သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ် ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှား ဆောင်ရွက်ခြင်း စသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုး တတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့် အယှက်ဖြစ်စေ တတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှု မျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင် ရှောင်ကြဉ်ကြပါရန်၊ မြန်မာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြ လိုသူများ ဖြစ်သည်နှင့် အညီ အခြား နိုင်ငံသားများက မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ သင်္ကြန်ကို လေးစား တန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်း လိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာ ကျလောက်အောင် သောက်စားမူးယစ်ခြင်း များ ဆင်ခြင် ရှောင်ကြဉ်ပါရန် စသည်ဖြင့် နှိုးဆော်ထားပေသည်။

အဆိုပါ သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဆွေးနွေး ဟောပြောမှုများနှင့် နှိုးဆော်ချက်များသည်လည်း သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်ရေး၊ ရိုးရာအစဉ်အလာများ မပျောက်ပျက် စေရေးနှင့် အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်စေမည့် အကြောင်းအရာများ ဖြစ်ရာ သင်္ကြန်ကာလတွင် သတိပြု ဆင်ခြင်ဖွယ်ရာများပင် ဖြစ်ပေသည်။

သို့ဖြစ်ရာ ထိုသတိပြု ဆင်ခြင်ဖွယ်ရာများကို လူတိုင်း ကိုယ်စီလက်ခံ ကျင့်သုံးပြီး မိဘဆွေမျိုး သားသမီးများနှင့် မိတ်ဆွေ အပေါင်းအသင်း တို့ကိုလည်း တိုက်တွန်း သင့်သည်များ တိုက်တွန်းပြီး တားမြစ်သင့်သည်များတားမြစ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြစေရေး ''သင်္ကြန်ပွဲတော်နှင့် သတိပြု ဆင်ခြင်ဖွယ်ရာများ'' အဖြစ် ရေးသား တင်ပြ လိုက်ပါသည်။ ။

မြ၀တီ သတင်းစာ

0 comments: