Sunday, April 26, 2015

ပထမဦးဆုံး သန္တာကျောက်တန်း အစားထိုး ပြန်လည် ထိန်းသိမ်းခြင်း မြိတ်ကျွန်းစု အတွင်း ညောင်ဦးဖီး ကျွန်း၌ စတင်



ပထမဦးဆုံး သန္တာကျောက်တန်း အစားထိုး ပြန်လည် ထိန်းသိမ်းခြင်း မြိတ်ကျွန်းစု အတွင်း ညောင်ဦးဖီး ကျွန်း၌ စတင်

ယဉ်ယဉ်လှ ( Saturday, 25 April 2015 ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ)




မြိတ်ကျွန်းစု အတွင်းရှိ ကျွန်း ပေါင်း ၈ဝဝအနက်မှ ညောင်ဦးဖီး ကျွန်းတွင် ပထမ ဦးဆုံးအနေဖြင့် သန္တာကျောက်တန်း အစားထိုး ပြန်လည် ထိန်းသိမ်းခြင်း (coralreplantation) ကို ယခုလအတွင်း က စတင် ပြုလုပ်ခဲ့ကြောင်း ကော့ သောင်း အခြေစိုက် ဟိုတယ်နှင့် ခရီး သွားလာရေး ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်၊။

''သန္တာကျောက်တန်း တွေက အသက်ရှိတယ်။ သန္တာကို ချိုးပြီး ပီစီဗွီပိုက်နဲ့  coral ကို စိုက်ရတာ ဖြစ်တယ်''ဟု ပြုလုပ်ပုံကို ရှင်းပြ သည်။ အဆိုပါ သန္တာကျောက် တန်းများ အစားထိုးပြန်လည်ထိန်း သိမ်းခြင်းကို TZK Co.,Ltd ကုမ္ပဏီ ကဆောင်ရွက်ခြင်းဖြစ်သည်။ ယင်း ကုမ္ပဏီကလည်း မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် အဆိုပြု တင်ထားကြောင်းသိရသည်၊

''အခုလို ပြန်လည် အစားထိုး ဆောင်ရွက်တာ အရမ်းကောင်းပါ တယ်။ ထိုင်းနိုင်ငံမှာ သန္တာကျောက်တန်း ပြန်လည် ပျိုးထောင်ပုံကို ဒီလို နည်းလမ်းနဲ့  အစားထိုးဆောင်ရွက် တာကို တွေ့ဖူးပါတယ်။ ထိုင်းနည်း ပညာလို့ ပြောလို့ရ ပါတယ်။ ဒီလို အစားထိုးပြန်လည် ထိန်းသိမ်းတာ ကလဲ ခြောက်နှစ်လောက်ကြာမှ လက်သီးဆုပ် သာသာလောက်ပဲ ကြီးထွားလာတာဖြစ်တယ်''ဟု လွန်ခဲ့သည့် ငါးနှစ်လောက်က ထိုင်း နိုင်ငံတွင် အဆိုပါ နည်းလမ်းဖြစ် အစားထိုးဆောင်ရွက်ခြင်းကို လေ့ လာတွေ့ရှိခဲ့သူ ဟိုတယ်နှင့်ခရီး သွားလာရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
မြိတ်ကျွန်းစုများရှိ ပင်လယ် ပြင်တွင် သဘာဝ အတိုင်း သာယာ လှပသော ရေအောက် သန္တာကျောက် တန်း၊ ရေအောက်ရှားပါး သတ္တဝါ များ ပေါကြွယ်ဝမှုကြောင့် ကမ္ဘာလှည့် နိုင်ငံခြားသားများ၊ ရေအောက် လေ့လာ လိုသူများက လာရောက် ကြည့်ရှုကြသည်၊

မြန်မာနိုင်ငံတွင် သန္တာကျောက်တန်း အများစုကို တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုတွင် သာ အများဆုံး တွေ့ရှိပြီး၊ ယခင်က ပင်လယ်ပြင် အတွင်း တရားမဝင် မိုင်းခွဲငါးဖမ်းခြင်းကြောင့် သန္တာ ကျောက်တန်းများ ပျက်စီးမှုများ ရှိ သော်လည်း ယခုအခါ ပျက်စီးမှု နည်းပါးသွားပြီဖြစ်ကြောင်းသိရသည်။

''သူများနိုင်ငံကတော့ ရေ အောက်သယံဇာတတွေ ပျက်စီးနေ လို့ သန္တာကျောက်တန်းတွေကို ပြန် လည် ပြုစုပျိုးထောင်နေကြ ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ကျန်သေး တယ်လို့ ပြောလို့ ရပါသေးတယ်။ ဒါပေမယ့် ထိန်းသိမ်း ဆောင်ရွက် ဖို့တော့ လို ပါတယ်။ အခုလက်ရှိ ရှိနေသေးတဲ့ သန္တာကျောက်တန်း တွေကို ထိန်းသိမ်းဖို့ လိုအပ်ပါ တယ်''ဟု ကော့သောင်း အခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ကပြောသည်။

0 comments: