Wednesday, April 29, 2015

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် စတင် ကျင်းပ

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် စတင် ကျင်းပ
---------------------------------
မြိတ်မြို့၌ နှစ်စဉ် ကျင်းပမြဲဖြစ်သော ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော်ကို (၇၁)ကြိမ်မြောက် အဖြစ်  ဗုဒ္ဓဘာသာ လူငယ်များ အသင်း (YBA )က ကြီးမှူးပြီး ယနေ့ ဧပြီလ (၂၉) ရက်နေ့မှ မေလ (၃) ရက်နေ့ အထိ (၅) ရက် တိုင်တိုင် မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့နယ်မြေရှိ  ယာယီ စံကျောင်းတော်တွင်  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 



အဆိုပါ ကဆုန် ညောင်ရေသွန်း ဘုရားပွဲတော် မကျင်းပမီ ဧပြီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ကန်ဖျားနယ်မြေ အတွင်း ဒီပင်္ကရာဘုရားရှင်၏ ရုပ်ပွားတော်မြတ် ဒေသစာရီ ကြွချီ အပူဇော်ခံ ပြီးနောက် ကန်ဖျား ရပ်ကွက်တွင် ကျိန်းဝပ် စံပယ်တော်မူရာမှ  ယနေ့ ဧပြီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့အတွင်း လှည့်လည် ကြွချီ အပူဇော်ခံ ခဲ့ရာ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းမှ လမ်းတစ်လျှောက် ဘုရားရှင်အား အမွှေးနံသာ ရေများဖြင့် ပူဇော်ခြင်း၊ ပန်း ဆီမီးများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဘုရားငါးဆူကွင်း အတွင်းရှိ ယာယီ စံကျောင်းတွင်တွင် ကိန်းဝပ် စံပယ်တော် မူသည်။

ထိုသို့ ဘုရားငါးဆူကွင်း အတွင်း ကိန်းဝပ် စံပယ်တော်မူသော ဒီပင်္ကရာ ဘုရားရှင်အား မြိတ်သူ မြိတ်သား များ အနေဖြင့် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် ၊ အသင်း အဖွဲ့အလိုက် အမွှေးနံသာရေများဖြင့် လူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: