Saturday, April 25, 2015

အလုပ်သမားနေ့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြိတ်မြို့၌ သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်လှစ်



အလုပ်သမားနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်မြို့၌ သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်လှစ် 

မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်မြို့ နောက်လယ်- အိုးလုပ်ပြင် ဘုရားကိုင်ချောင်းကူး သံကူကွန်ကရစ် တံတားနှင့် မြိတ်တောင် ချောင်းကူး သံကူ ကွန်ကရက် တံတား (၂)စင်း ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့်၊  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။ 



ပထမဦးစွာ နောက်လယ် - အိုးလုပ်ပြင် တံတား ဖွင့်ပွဲအခမ်းအနားအား နံနက် (၈)နာရီ အချိန်ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နယ်လှည့် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြသည်။ 

၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်း နယ်စပ်ရေးရာဝန်ကြီး မြိတ်မြို့ကို ရောက်ရှိလာစဉ် အချိန်က မြိတ်မြို့တွင် ကော်မတီ သုံးရပ်နဲ့ တွေ့ဆုံစဉ်မှာ ကော်မတီဝင်များရဲ့ တင်ပြချက်အရ အခု နောက်လယ် - အိုးလုပ်ပြင် ဘုရားကိုင်ချောင်းကူး သံကူကွန်ကရစ် တံတား နှင့် မြိတ်တောင် ချောင်းကူး  တံတား ကို ဆောက်လုပ်သွားရန် ၀န်ကြီးဌာန ပြည်ထောင်စု  ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ပြု ခဲ့ပါတယ်။ လာမည့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အရှည် (၁၄၅) ပေရှိတဲ့ အလယ်ကျွန်း - ထားဝယ်ကမ်း ဘုရားကိုင် ချောင်းကူး တံတားကို ထပ်မံ ဆောက်လုပ်ဖို့ ခွင့်ပြုပြီး ဖြစ်ပါတယ်။ မကြာမီ တည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မှာ ဖြစ်ပါတယ်ဟု `` ဦးအောင်ကျော်မြင့်က ပြောကြားသည်။ 

နောက်လယ် - အိုးလုပ်ပြင် တံတားသည် နယ်စပ်ရေးရာ ၀န်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် ငွေကျပ် သိန်း (၂၂၀၀) အကုန်ကျခံ၍ ဆောက်လုပ်ထားသော သံကူ ကွန်ကရစ် တံတား အမျိုးအစား ဖြစ်ကာ အရှည် (၂၂၀)ပေ၊ အကျယ် (၂၀)ပေ ရှိပြီး မြိတ်မြို့ နောက်လယ် ရပ်ကွက် နှင့် အိုးလုပ်ပြင် ရပ်ကွက်သို့ ဘုရားကိုင်ချောင်းအား ဖြတ်ကျော်ကာ ရိုးမာန်အား ကုမ္ပဏီက တည်ဆောက်ခဲ့ကြောင်း သိရသည်။  

 
အခမ်းအနားတွင် မြိတ်မြို့ မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ ဦးစိုးရီမှ `` ဒီတံတားကြီးဟာ မြိတ်မြို့ စီးပွားရေး အတွက် အဓိက ကျတဲ့ တံတားကြီး ဖြစ်ပါတယ်။ ယခင်က သစ်သားတံတား ဖြစ်ပီး မကြာခဏ ပျက်စီးနေတဲ့ အတွက် ပြင်ဆင်တဲ့ ကုန်ကျစရိတ် များတဲ့အပြင် ယာဉ်များ ဖြတ်သန်း သွားလာရာမှာ အန္တရာယ် များပါတယ်။ အခုလို တံတားသစ်ကြီး တည်ဆောက်ပေးခဲ့အတွက် နိုင်ငံတော် အစိုးရ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တာဝန် ရှိသူများကို မြိတ်မြို့သူ မြို့သား များ ကိုယ်စား အထူး ကျေးဇူးတင်ပါတယ်`` ဟု ပြောကြားခဲ့သည်။ 

ဖွင့်ပွဲ အခမ်းအနားတွင်  လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်မြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်လေးနှင့် ရိုးမာန်အား ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းတို့က ဖဲကြိုးဖြတ်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က စက်ခလုပ်နှိပ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်ပြီး နံနက် (၉)နာရီ အချိန်၌ မြိတ်တောင် ချောင်းကူးတံတား ဖွင့်ပွဲအား ပြုလုပ်ခဲ့ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နယ်လှည့် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထိုနောက် မြိတ်မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးကြည်လင်မှ မြိတ်သူ မြိတ်သားများ ကိုယ်စား သံကူ ကွန်ကရစ် တံတားကြီးတည်ဆောက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထိုနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ထူးထူးတိုး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ကျော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး တံတားပေါ် လမ်းလျှောက် ဖြတ်သန်း အားပေးခဲ့သည်။ 

 
မြိတ်တောင် ချောင်းကူးတံတားအား နယ်စပ်ရေးရာ ၀န်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် ငွေကျပ် သိန်း (၂၂၀၀) ၊ ထူးထူးတိုး ကုမ္ပဏီမှ လှူဒါန်းငွေ ကျပ် သိန်း (၁၃၀၀) ၊ စုစုပေါင်း ကျပ်သိန်း (၃၅၀၀ိ) အကုန်ကျခံ၍ ဆောက်လုပ်ထားသော သံကူ ကွန်ကရစ် တံတား အမျိုးအစား ဖြစ်ကာ အရှည် (၂၂၀)ပေ၊ အမြင့် (၂၆)ပေ၊ အကျယ် (၂၅)ပေ ရှိပြီး မြိတ်မြို့ မြိတ်တောင်ရပ်ကွက် နှင့် မြိတ်တောင်ကျေးရွာ ရှိ စက်မှုဇုန်တို့အား  မြိတ်တောင်ချောင်းအား ဖြတ်ကျော်ကာ ထူးထူးတိုး  ကုမ္ပဏီက တည်ဆောက် ခဲ့ကြောင်း သတင်းရရှိသည်။


0 comments: