Sunday, April 12, 2015

ဘယ်ရေတပ်မဆို ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်

ဘယ်ရေတပ်မဆို ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်

(((( တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် မိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း)))))
ငယ်ထွေး (ကလေးမြို့) တွေ့ဆုံမေးမြန်းသည်။

တပ်မတော်(ရေ) က စစ်နည်းဗျူဟာ အဆင့် စစ်ရေယာဉ်များ ပူးပေါင်း လေ့ကျင့်ခန်း (Combined Fleet Exercise – Sea Shield 2015) ကို ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်းတွင် ပြုလုပ်ခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက် များကို တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် မိုးအောင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည် များကို ပြည်သူအများ သိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ပါသည်။




မေး။    လေ့ကျင့်ခန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးကို သိချင်ပါတယ်။
ဖြေ။    ဒီလေ့ကျင့်ခန်းကို လေ့ကျင့်ရတဲ့ အဓိကရည်ရွယ်ချက်က မိမိတို့မှာ အဓိက တိုက်စွမ်းအား တပ်မတော်(ရေ)မှာ ဗျူဟာ စစ်ရေယာဉ်စု (၃)စု ရှိပါတယ်။ ဒီဗျူဟာစစ်ရေယာဉ်စုတွေဟာ Individual Training တွေကို အမြဲလေ့ကျင့်နေရပါတယ်။ Combat Training ရှိတယ်။ Emergency နဲ့ ပတ်သက်တဲ့ Drill တွေရှိတယ်။ ပြီးရင် Routine Drill တွေကို အမြဲတမ်းလေ့ကျင့် နေရမှာဖြစ်ပါတယ်။ အဲဒီလိုလေ့ကျင့်တဲ့ဟာတွေ ပေါင်းပြီးတော့ တစ်နှစ်စာ ဘယ်လောက် စံချိန် ပြည့်မပြည့် ဘယ်လောက် ဆုံးဖြတ်ခံနိုင်စွမ်းရှိမရှိ လက်တွေ့ လေ့ကျင့်ပစ်ခတ်မှုတွေနဲ့ အတူ နှစ်စဉ် ပြုလုပ်ပါတယ်။
မနှစ်ကလည်း Sea Shield 2014 ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း စစ်ရေယာဉ် ၂၁ စင်းနဲ့ စုစုပေါင်း အရာရှိ စစ်သည်အင်အား ၁၂၉၆ ဦးနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ကတော့ Sea Shield 2015 ဖြစ်ပါတယ်။
 အဓိက လေ့ကျင့်ခန်းပြုလုပ်ကြတဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Standard Army တစ်ခုအနေနဲ့ တပ်မတော်ရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ မူဝါဒချမှတ်ပြီးသားဖြစ်ဖို့ အဲဒီမူဝါဒအရ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကလည်း ယခုကဲ့သို့ ပင်လယ်ပြင်ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း များကို နှစ်စဉ်ပြုလုပ်ပြီး စစ်စွမ်းရည်မြှင့်တင်ဖို့ တိုက်ပွဲဝင်အသင့်ဖြစ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ လက်တွေ့ဘယ်လောက်လေ့ကျင့်ထားတယ်ဆိုတာ ပင်လယ်ပြင်မှာ ပစ်ခတ်မှုတွေရော စစ်ကစား လှုပ်ရှားမှုတွေရော အားလုံးပြုလုပ်ခြင်းအားဖြင့် မိမိတို့ရေတပ်ရဲ့ စစ်ရေယာဉ်တွေရဲ့ စစ်သည်တွေရဲ့ စွမ်းရည်ကို တိုးမြှင့်သွားဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

အဓိက ကတော့ ရေတပ်ရဲ့ ရည်မှန်းချက် (၃) ခုရှိပါတယ်။ (တစ်) အချက်အနေနဲ့က ပင်လယ်ပြင်ကို မည်သည့် ကျူးကျော်မှုမျိုးမဆို ကာကွယ်နိုင်ရပါမယ်။ ရေထဲမှာ စစ်တိုက်လျှင် နိုင်အောင် တိုက်ရပါမယ်။ (နှစ်) အချက်က ပင်လယ်ပြင်မှာ ရှိတဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်နိုင်ရမယ်။ (သုံး) ကြည်း/ရေ/လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမယ်ဆိုတဲ့ ရည်မှန်းချက် တာဝန် သုံးရပ်ဖြစ်ပါတယ်။


အဲဒီသုံးရပ်ကို ခေတ်မီစေဖို့အတွက် ကျွန်တော်တို့က စစ်ဆင်မှု နယ်ပယ်လေးရပ်မှာ အသင့်ဖြစ်မှု သုံးရပ်နဲ့ ရည်မှန်း ဆောင်ရွက်နေ ပါတယ်။ စစ်ဆင်မှု နယ်ပယ်လေးရပ်က ဘာတွေလဲ ဆိုတော့ ရေပြင်ရန် စစ်ဆင်ရေး၊ ရေအောက်ရန် စစ်ဆင်ရေး၊ ဝေဟင်ရန် စစ်ဆင်ရေးနဲ့ အီလက်ထရောနစ် စစ်ဆင်ရေးတို့ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်မှုတွေ အားလုံးကို အသင့်ဖြစ်မှု သုံးရပ် ဆိုတာက (Sailar Ready) စစ်သည်တော်တွေ အသင့်ဖြစ်ရမယ်၊ နောက်တစ်ခုကတော့ (Platform Ready) စစ်ရေယာဉ်တွေ အသင့်ဖြစ်ရမယ်။ အဲဒီစစ်ရေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ (Weapon & Weapon System) စစ်လက်နက်ပစ္စည်းတွေနဲ့ အာရုံခံကိရိယာတွေဟာ အသ့င်ဖြစ်ရ ပါမယ်။
အဲဒီအသင့် သုံးသင့် ဖြစ်မဖြစ်ဆိုတာ စမ်းသပ်တာဖြစ်ပါတယ်။ ဖြစ်ပြီ ဆိုရင်လည်း ဒီထက်တစ်ဆင့် ထက်တစ်ဆင့် တစ်နှစ်ထက်တစ်နှစ် စွမ်းရည်တွေ ပိုပြီး မြင့်မားလာအောင် လေ့ကျင့်ခြင်းပဲဖြစ် ပါတယ်။ အမြဲတမ်း လေ့ကျင့်နေမှသာလျှင် တိုက်ပွဲမှာ အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။


မေး။    နိုင်ငံတကာ ရေတပ်တွေနဲ့ ပူးပေါင်းလေ့ကျင့်ရေးအစီအစဉ်တွေ ရှိပါတယ်။
ဖြေ။    နိုင်ငံတကာလေ့ကျင့်ရေး ကဏ္ဍတွေမှာ အာဆီယံရေတပ်တွေနဲ့ ဆိုရင် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုံခြုံရေးလုပ်တာ ရှိပါတယ်။ ဥပမာအားဖြင့် နှစ်နိုင်ငံ ပင်လယ်နယ်နိမိတ်တွေမှာ တရားမ၀င် အသုံးချချင်တဲ့ အဖွဲ့အစည်းတွေက လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ လူမှောင်ခိုတွေ အမျိုးမျိုး ရှိနေပါတယ်။ အဲဒါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် နိုင်ငံတစ်နိုင်ငံတည်းနဲ့ ကာကွယ်လို့ မရပါဘူး။ ဘာကြောင့်လည်းဆိုရင် Transnational Crime တွေ ဖြစ်နေတဲ့အတွက်ကြောင့် တစ်ဖက်နဲ့ တစ်ဖက်ကူးလူးနေတာ၊ ပင်လယ်ထဲမှာ ဒါဘယ်နေရာလဲ၊ ဘယ်သူ့နေရာလဲဆိုတာ သတ်မှတ်ဖို့ ခက်တယ်။ အဲဒီလိုနေရာမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုတွေအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းလေ့ကျင့်ဖို့ အသင့်ဖြစ်နေပါပြီ။ လေ့ကျင့်ဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

မေး။     အခုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အင်အားဘယ်လောက်နဲ့ လုပ်တာပါလဲ။ ပြည်တွင်းထုတ် စစ်ရေယာဉ်တွေ ဘယ်လောက်ပါဝင်ပါလဲ။
ဖြေ။    စစ်ရေယာဉ် ၂၂ စင်း ၊ အရာရှိစစ်သည် စုစုပေါင်းအင်အား (၁၁၈၆) ပါဝင်လေ့ကျင့်တာပါ။ ပြည်ပကနေ ၀ယ်တဲ့ ရေယာဉ်ဆိုလို့ ဖရီးဂိတ် ၂ စင်း၊ 1G ၂ စင်းစုစုပေါင်း ၄ စင်းပဲ ပါပါတယ်။ ကျန်တဲ့ ၁၈ စင်းဟာ မိမိတို့ နိုင်ငံက ထုတ်တဲ့ ရေယာဉ်တွေဖြစ်ပါတယ်။
မေး။    ယခင်နှစ် လေ့ကျင့်ခန်းထက် ဘာတွေ ထူးခြားတိုးတက်တာ များရှိမလဲ။
ဖြေ။    မနှစ်ကထက်စာရင် Formation တွေ စစ်ကစား လှုပ်ရှားမှုပုံစံတွေ ပြောင်းလဲ ပါတယ်။ နောက်တစ်ခုက ရေငုပ်သင်္ဘောကို ဘယ်လို အသေးစိတ်တိုက်ခိုက်မလဲ ဆိုတာလည်း ပါဝင်လာပါတယ်။ ယခင်နှစ်ကထက်ပိုပြီး ပြောင်းလဲလာပါတယ်။ ပိုပြီးတိုးတက်လာပါတယ်။ ရေတပ် တိုက်ပွဲတစ်ခုမှာ ပင်လယ်ပြင်မှာ ရှိတဲ့ ရန်သူ့ရေယာဉ်အုပ်စုတစ်ခုကို တိုက်ခိုက်ဖို့အတွက် ရန်သူရဲ့ Sea Line of Communication လို့ခေါ်တဲ့ Logistic ပေါ့။ ရန်သူကို လာပို့မယ့် ခဲယမ်း၊ ဆီ၊ ရေ၊ ရိက္ခာပို့မဲ့ လမ်းကြောင်းတွေကို တိုက်ခိုက်ဖို့ စီမံချက်တစ်ခုလည်း ပါပါတယ်။


ထူးခြားတာတစ်ခုကတော့ Attack At Source လို့ခေါ်တဲ့ ရန်သူရဲ့ အရင်းအမြစ်ကို သွားရောက် တိုက်ခိုက်တဲ့နေရာကို ရေတပ်ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Navy Seals)တွေက သွားရောက်ပြီးတော့ ဖောက်ခွဲနစ်မြှုပ်တဲ့ လေ့ကျင့်ခန်း Demolition ပါပါတယ်။
ဒီလေ့ကျင့်ခန်းမှာဆိုရင် အထူးကွန်မန်ဒို တပ်ဖွဲ့က ပစ်မှတ်တည်နေရာကို ရဟတ်ယာဉ်နဲ့ ချဉ်းကပ်မယ်။ Assault Boat ကို ရဟတ်ယာဉ်ပေါ်က ချမယ်။ ချပြီးတာနဲ့ ရေတပ်အထူး ကွန်မန်ဒိုတွေက တိတ်တဆိတ်ချဉ်းကပ်ပြီး ရုတ်တရတ် ရန်သူ့ရေယာဉ်ကို ဖောက်ခွဲပစ်တာပါ။
ဖောက်ခွဲနစ်မြှုပ်ပြီး ရန်သူရှိတဲ့နေရာကို သွားရောက်တိုက်ခိုက်တဲ့ လေ့ကျင့်ခန်းတွေ အခုနှစ်မှာ တိုးတက်လာပါတယ်။ ရေပြင်ရန်၊ ရေအောက်ရန်၊ ဝေဟင်ရန်၊ အီလက်ထရောနစ် စစ်ဆင်ရေးအပြင် အထူးသဖြင့် ရေငုပ်သင်္ဘော ဖျက်ဒုံးတွေ၊ ရေငုပ်သင်္ဘောဖျက်ဗုံးတွေနဲ့ တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ဒုံးပြင်နှစ်စင်းနဲ့ ပစ်မှတ်ရေယာဉ်တစ်စင်းကို ထိထိရောက်ရောက်နဲ့ ဦးဆုံး ပစ်ခတ်တိုက်ခိုက်နစ်မြှုပ်တဲ့ Attack Effectively First လေ့ကျင့်ခန်းလည်း ပါဝင်လာပါတယ်။

မေး။    မနှစ်ကလေ့ကျင့်ခန်းကို ကိုကိုးကျွန်းမှာ လုပ်ပြီးတော့ ဒီနှစ်မှာတော့ ဘာကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လုပ်ရတဲ့အကြောင်းရင်းက ဘာကြောင့်ပါလဲ။
ဖြေ။    အဓိကကတော့ မြန်မာ့ပင်လယ်က ကပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ဆိုပြီး ဆက်စပ်နေတာပါ။ ရေတပ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မြန်မာပင်လယ် ဒို့ကာကွယ်ဆိုတဲ့အတိုင်း ကာကွယ်နိုင်ဖို့က အဲဒီနေရာတွေကို Reach ဖြစ်ဖို့လိုပါတယ်။ ရေတပ်က ဆိပ်ကမ်းမှာ ရှိနေတာသည် Naval Existence ရေတပ်တည်ရှိနေတာဖြစ်ပြီး အဲဒီနေရာတွေကို ရောက်ရှိသွားမှ သာလျှင် Naval Presence ရေတပ်အင်အား ပြသမှုဖြစ်ပါတယ်။
    ရှင်းအောင်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ရပ်ကွက်တစ်ခုမှာ လုံခြုံအောင် ရပ်ကွက်နေရာ အနှံ့အပြားကို ကင်းလှည့်တဲ့သဘောပါဘဲ။
    အဓိကအရေးကြီးတဲ့အချက်တစ်ခုက မြန်မာ့ပင်လယ်ပြင်ဟာ အမျိုးသား အကျိုးစီးပွားတွေ သိပ်များပါတယ်။ ပြောရရင် Maritime Interest လို့ ခေါ်တဲ့ ရေကြောင်းဆိုင်ရာ အမျိုးသား အကျိုးစီးပွားတွေ ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ သဘာဝဓါတ်ငွေ့တွေ၊ ရွှေသဘာဝဓါတ်ငွေ့ တွေအပြင် နောက်ဆိုရင် Deep Sea Port တွေ ပေါ်လာတဲ့အခါမှာ Seaborne Trade တွေ ပင်လယ်ြပင်ကုန်ကူးသန်းရောင်းဝယ်ရေးတွေနဲ့ ကူးလူးဆက်ဆံမှုတွေ ပေါ်ပေါက်လာမယ်။ အဲဒီအခါမှာ လမ်းကြောင်းကြီးတွေရဲ့ ပင်လယ်ပြင်က အဖိုးတန်သယံဇာတ တွေကို ကာကွယ်ဖို့ ရေတပ်က အသင့်ရှိနေဖို့ လိုပါတယ်။

    ပင်လယ်ပြင်မှာ အမြဲအသင့်ရှိနေဖို့နဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပလီပင်လယ်ပြင်ကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့က Naval Existence တွေတင်မကဘဲ Naval Presence အဲဒီနေရာတွေမှာ ရောက်ရမယ်၊ ကင်းလှည့်ရမယ်၊ လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ မိမိတို့ လက်တွေ့ ပစ်ခတ်နိုင်ကြောင်း မိမိကိုယ်လည်း မိမိယုံကြည်အောင်၊ တခြား လာပြီးတော့ လုံခြုံရေးကို ထိပါးနှောင့်ယှက်မယ့် သူတွေလည်း သိရှိအောင် အမြဲတမ်း ကျွန်တော်တို့က လေ့ကျင့်နေရမှာဖြစ်ပါတယ်။

မေး။    စစ်ရေးလေ့ကျင့်မှုမှာ အခုနောက်ဆုံးတပ်တော်ဝင်ထားတဲ့ F12 လိုမျိုး အဆင့်မြင့် ဖရီးဂိတ် စစ်ရေယာဉ်ကြီးတွေကို ဘာလို့ မထည့်တာလဲ။
ဖြေ။    F12 ဖရီးဂိတ်ကို တကယ်တော့ ထည့်ဖို့ အစီအစဉ်ရှိပါတယ်။ F12 ဖရီးဂိတ်က လက်နက်တွေ Sensor တွေ တပ်ဆင်ပြီးတော့ စမ်းသပ်နေဆဲအဆင့်ဖြစ်ပါတယ်။ ဒီနေ့လိုမျိုး လေ့ကျင့်ဖို့အတွက် F11 ၊ F21 နဲ့ F23 စစ်ရေယာဉ်တွေဟာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ပစ်ခတ်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီလိုနေရာမျိုးမှာကတော့ ထိထိမိမိနဲ့ ပစ်မှတ်တွေကို အသားကျလေ့ကျင့်ပစ်ခတ်ရမှာဖြစ်ပါတယ်။ အနာဂတ်မှာ F12 ဖရီးဂိတ်တွေဟာ ၀င်ရောက်လေ့ကျင့်နိုင်တော့မှာဖြစ်ပါတယ်။
မေး။    အိမ်နီးချင်းနိုင်ငံတွေမှာ ရေငုပ်သင်္ဘောတွေရှိပြီးဆိုတော့ မြန်မာရေတပ်မှာရော ရေငုပ်သင်္ဘောတွေ ဘယ်တော့ ပိုင်ဆိုင်မှာလဲ။
ဖြေ။    ရေတပ်မှန်ရင် ခုနကပြောသလို ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန်စစ်ဆင်ရေး ဒါတွေကို အမြဲတမ်းလုပ်လေ့ရှိပါတယ်။ ဘယ်ရေတပ်မဆို ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်နိုင်ငံအနေနဲ့ ဆိုရင် ကျွန်တော့်မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ကျွန်တော် သေချာ မသိပါဘူး။

မေး။    F12 လိုမျိုး ဖရီးဂိတ်စစ်ရေယာဉ်ကြီးတွေ မြန်မာနိုင်ငံမှာ ထပ်ထုတ်ဖို့အတွက် စီမံကိန်းတွေ ရှိပါသလား။
ဖြေ။    ကျွန်တော်တို့မှာ စီမံကိန်းတွေရှိပါတယ်။ အဓိကအားဖြင့်တော့ ရေတပ်ရဲ့ သဘောအရ ရန်သူရဲ့ Size နဲ့ Capability တွေကို အဓိကထည့်မတွက်ပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ဘယ်လောက်အထောက်အကူပြုမှာလဲ၊ ရေကြောင်းအကျိုး စီးပွားက ဘယ်လောက်ရမှာလဲ။ အဲဒါတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမှာလဲ ဆိုတာတွေကို ထည့်တွက်ပြီးတော့မှ ရေတပ်ကို တည်ဆောက်ရတာပါ။

ကျွန်တော်တို့ ရေပိုင်နက်က ဧရိယာစတုရန်းမိုင်ပေါင်း တစ်သိန်းလေးသောင်းကျော် ကျယ်ပါတယ်။ အဲဒီ တစ်သိန်းလေးသောင်းကျော် ကျယ်တဲ့ ရေပြင်ကြီးကို စစ်ရေယာဉ် ဘယ်နှစ်စင်းနဲ့ ကာကွယ်နိုင်မှာလဲ။ ဥပမာ အဲဒီရေပြင်မှာရှိတဲ့ သဘာဝ သယံဇာတတွေနဲ့ Seaborne Trade တွေ ကာကွယ်နိုင်ဖို့ အတွက် စစ်ရေယာဉ်တွေ ဘယ်လောက်လိုမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

 ပြောရရင်တော့ Maritime Interests တွေ တိုးတက်များပြားလာတဲ့ အပေါ် မူတည်ပြီးတော့ စစ်ရေယာဉ်တွေကို တည်ဆောက်ရတာပါ။ တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ မူဝါဒ အပေါ် မူတည်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) က ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး 2020 Plan ၊ 2050 Plan ရေးဆွဲပြီးတော့ ဆောင်ရွက်နေပါတယ်။
    အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။


ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။


0 comments: