Saturday, April 4, 2015

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည်

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည် 

၂၀၁၀ ခုနှစ် မတိုင်ခင်က တိုင်းအဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ကာ သင်္ကြန် ပွဲတော်အား နှစ်စဉ် ဆုပေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ်ပြီး စည်ကား ပျော်ရွှင်စွာ ကျင်းပခဲ့သည့် မြိတ်မြို့ သင်္ကြန်ပွဲတော် သည် ယခု အခါ ခရိုင်အဆင့် ရုံးစိုက်ရာမြို့ ဖြစ်သွားပြီးနောက် လေးနှစ် အတွင်း ဆုပေး မဏ္ဍာပ်များ နည်းပါး သွားပြီး ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍာပ် (ရှမ်းချောင်းရပ်ကွက်) နှင့် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟို မဏ္ဍာပ် (ကန်ဖျားလမ်းမကြီး၊ တိုင်းစည်ပင်ရုံးရှေ့) ၊ မြိတိအများပိုင် ကုမ္ပဏီ မဏ္ဍာပ် (ကမ်းနားလမ်းသဲကွင်း) ၃ ခုသာ ဆောက်လုပ်ပြီး ဖျော်ဖြေမည် ဖြစ်သည်။

၂၀၁၀ခုနှစ် မတိုင်ခင်က မြိတ်မြို့ သင်္ကြန်သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မဏ္ဍာပ် ၊ မြိတ်ခရိုင် ဗဟိုမဏ္ဍာပ် ၊ ဆောက်လုပ်ရေး မဏ္ဍာပ် ၊ ပြည်ထဲရေး မဏ္ဍာပ် ၊ ပြည့်ဖြိုးထွန်း မဏ္ဍာပ်၊ မြိတ်တောင် ရပ်ကွက် မဏ္ဍာပ်၊ ဆိပ်ကမ်း မဏ္ဍာပ်၊ ဦးစောဂျက် မဏ္ဍာပ် စသည်တို့မှာ တစ်နေကုန် ဖျော်ဖြေရေး အစီအစဉ်များ ဖြင့် ၊ ရေကစားခြင်း များဖြင့် ကြိတ်ကြိတ်တိုး စည်းကား ခဲ့သည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်း တစ်လျှောက် ၊ လေယာဉ်ကွင်းလမ်းနှင့် ကန်ဖျားလမ်းမကြီး၊ နောက်လယ် ပိတောက် ရွှေဝါလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်း လမ်းမကြီးနှင့် အလယ်ကျွန်း နယ်မြေ ဘုရားကိုင်လမ်းမကြီး ၊ ကမ်းနားလမ်း စသည်တို့တွင် ရေပက်ခံသူများ ၊ ရေကစားသူ အနားယူ သူများဖြင့်၊ မော်တော်ဆိုင်ကယ်များ ၊ လမ်းလျှောက် ရေကစား သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။



ယခုနှစ်တွင်မူ ဆုပေးမဏ္ဍပ်နှင့် ဖြေဖျော်ရေး မဏ္ဍာပ်များ နည်းပါးခြင်းကြောင့် ညပိုင်းတွင် စည်းကားမှု နည်းပါး သွားပြီး နေ့ခင်း ဘက်ပိုင်း တွင်သာ မြိတ်တောင်ရပ်ကွက်၊ ကန်ဖျား လမ်းမကြီးနှင့် မြေနီလမ်း၊ နောက်လယ် ရပ်ကွက်၊ အလယ်ကျွန်း ရပ်ကွက် ဘုရားကိုင်လမ်း ၊ ရှမ်းချောင်း လမ်းမကြီး၊ လေယာဉ်ကွင်းလမ်း ၊ ကမ်းနားလဲ သဲကွင်း တို့တွင်သာ စည်းကား နိုင်ကြောင်း သိရှိရ ပါသည်။

အထူးသဖြင့် မြိတ်မြို့ သင်္ကြန်သည် ကန်ဖျား လမ်းမကြီးနှင့် ကန်ဖျားရပ် မြေနီလမ်း တို့တွင် ရေကစား မဏ္ဍပ်များ များပြားသောကြောင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ပြီး ယခုနှစ်တွင်လည်း ရေကစား မဏ္ဍာပ်များ ၊ ဖြေဖျော်ရေး မဏ္ဍာပ် များ စတင်ဆောက် လုပ်နေပြီ ဖြစ်သောကြောင့် ယခင်နှစ်က ကဲ့သို့ စည်ကား မည် ဖြစ်သည်။

ယခင် တပ်မတော် အစိုးရ လက်ထက် တွင် မြိတ်မြို့ သင်္ကြန် စည်ကားရေး အတွက် သက်ဆိုင်ရာ ဌာန အလိုက်၊ ရပ်ကွက် အလိုက် ၊ ကုမ္ပဏီများ အလိုက် စုပေါင်း ထည့်ဝင်ငွေများဖြင့် ဆုပေး မဏ္ဍာပ်များ ၊ ဖျော်ဖြေရေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ် နိုင်ခဲ့သော်လည်း ယခု အချိန်တွင် သင်္ကြန် အတွက် အလှူငွေများ ကောက်ခံရန် ခေတ်နှင့် မလျော် ညီတော့ သဖြင့် မဏ္ဍာပ် ဆောက်လုပ်ခြင်း မပြုနိုင်တော့ကြောင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ကျောင်းအုပ်ကြီး တစ်ဦးကလည်း ယခင်က ဆိုရင် ဆုပေး မဏ္ဍာပ်တွေ များသည့် အတွက်ကြောင့် ယိမ်း အဖွဲ့ တစ်ဖွဲ့ ၀င်ပြိုင်လျင် ရရှိသည့် ဆုငွေ၊ အက ဖျော်ဖြေရာတွင် မဏ္ဍာပ်များက ချီးမြှင့်ငွေများဖြင့် ကုန်ကျစရိတ် ၊ အကတိုက်စရိတ် ၊ သွားလာစရိတ်နှင့် ၀တ်စုံစရိတ်များ ပြန်လည် ရရှိသော်လည်း ယခုနှစ်တွင် ဆုပေး မဏ္ဍာပ်နှင့် ဖျော်ဖြေရေး မဏ္ဍာပ်များ နည်းပါးသည့်အတွက် မိမိတို့ ကျောင်း အနေဖြင့် ယိမ်းအဖွဲ့ ဖွဲ့စည်းပြီး ကပြ ဖျော်ဖြေရန် မတတ်နိုင် သဖြင့် ယိမ်းအဖွဲ့ ဖွဲ့စည်းနိုင်တော့မည် မဟုတ်ကြောင်း ပြော ကြားသည်။

ယခုနှစ်တွင် သင်္ကြန်ဆုပေး မဏ္ဍာပ် (၃)ခု၌ မြိတ်မြို့ ရပ်ကွက် ပေါင်းစုံ (၁၄) ရပ်ကွက်မှ စုပေါင်း ထားသည့် သင်္ကြန် ယိမ်းအဖွဲ့ (၃)ဖွဲ့နှင့် ပညာရေးဌာန ယိမ်းအဖွဲ့၊ မြိတ်တက္ကသိုလ် ယိမ်းအဖွဲ့၊ တပ်ရင်း တပ်ဖွဲ့ အသီးသီးမှ ယိမ်းအဖွဲ့များဖြင့် ယိမ်းအက အလှများ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ရပ်ကွက်ကြီ်း တစ်ရပ်ကွက်လျှင် (၂)သိန်း၊ ရပ်ကွက်ငယ် တစ်ရပ်ကွက်လျှင် (၂)သိန်း နှုန်းဖြင့် ယိမ်းအဖွဲ့ (၃)ဖွဲ့ ပြိုင်ပွဲ ၀င်နိုင်အောင် ပံ့ပိုး ပေးရပါတယ် ဟု အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

သင်္ကြန်ပွဲတော်အား မြန်မာ့ ယဉ်ကျေးမှုနှင့် အညီ ဖြစ်ရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစား နိုင်ရေး အတွက် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် သင်္ကြန် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ တို့ကလည်း သင်္ကြန်ရေကစားသူများ လိုက်နာရန်  စည်းကမ်းချက်များ ထုတ်ပြန်ပြီး ကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြိတ်မြို့ သင်္ကြန် ပွဲတော် အေးချမ်း ပျော်ရွှင်စွာ ရေကစား နိုင်ရေး အတွက် မြိတ်မြို့ပေါ်ရှိ လူမှုရေး အသင်း အဖွဲ့များ ၊ ဘာသာရေး အသင်း အဖွဲ့များ ၊ နိုင်ငံရေး ပါတီများ၊ မြို့မိ မြို့ဖများ ၊ အထောက် အကူပြု ကော်မတီများ ကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရပ်ကွက် အဆင့်၊ မြို့နယ်အဆင့် ပူးပေါင်း ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ရပ်ကွက် အသီးသီးတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ ၊ စေတနာရှင်များ ပူးပေါင်းပြီး သက်ကြီး ပူဇော်ပွဲများ ပြုလုပ်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments: