Wednesday, April 8, 2015

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ မော်တုံးကြီးကျွန်းနှင့် သမီးလှ ကျွန်း အကြားရှိ ရေပြင်၌ ဧပြီလ (၇)ရက်နေ့ ညနေ (၃)နာရီခွဲကျော် အချိန်၌ လှိုင်းကြီး၍ နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေ ( ကင်းမွန်ဖမ်းလှေ)မှ ရေလုပ်သား (၇) ဦးစလုံးအား ပင်လယ်ပြင် ကင်းလှည့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ 





စက်လှေ နစ်မြှုပ်နေတာကို ဒေသခံ လှေတစ်စင်းက လာသတင်းပို့လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ လှေနစ်မြှုပ်တဲ့ နေရာကို ချက်ခြင်း သွားခဲ့ပါတယ်။ ညနေ (၅)နာရီ ထိုးချိန်လောက်မှာ ကျွန်တော်တို့ ရောက်ရှိတဲ့အချိန် နစ်မြှုပ်တဲ့ စက်လှေတွေတော့ မတွေ့ရတော့ဘူး ။ လှေသားတွေပဲ ပလပ်စတစ်ပုံး တစ်ပုံးကို ၂ ယောက် လောက် ဖက်ပြီး ကူးနေတာ တွေ့ရပါတယ်။ လှေသားအားလုံး (၇)ယောက်ကို အသက် ဆုံးရှုံးမှု မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ညပိုင်း အချိန် မြှုပ်ရင်တော့ အသက်ရှင်လျက်  ကယ်ဆယ်နိုင်ဖို့ လွယ်ကူမှာ မဟုတ်တော့ဘူး `` ဟု တာဝန်ခံအရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင်က ရှင်းပြသည်။


နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေမှာ မြိတ်မြို့ ရေပုန်းနယ်မြေ ငြိမ်းချမ်းရေး ရပ်ကွက် (၇)လမ်းနေ ဦးတင်အောင် ပိုင်ဆိုင်သော လှေဖြစ်ပြီး အလျား (၅၄)ပေ၊ အနံ (၉)ပေ၊ ရေစူး (၄)ပေ (သစ်သားကိုယ်ထည်) ဖြစ်ပြီး ဧပြီလ (၇)ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က မြိတ်မြို့ အေးစန္ဒာ တံတားမှ တစ်ဆင့် ပင်လယ်ပြင်သို့ ကင်းမွန်ဖမ်းရန် ထွက်ခွာစဉ် လှိုင်းကြီးသဖြင့် စက်လှေ ပျဉ်ပြား (ကန်ပျဉ်) ပွင့်ပြီး နစ်မြှုပ်ခဲ့ကြောင်းနှင့် လှေပေါ်ပါ ပစ္စည်း တန်ဖိုး သိန်း (၁၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လှေပေါ်လိုက်ပါလာသော လှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ လှေမြှုပ်တဲ့အချိန် ပလပ်စတပ်ပုံး ရေပုံးတွေ တစ်လုံး ၂ ယောက်နှုန်း နဲ့ ဖက်ပြီး ပင်လယ်ပြင်ထဲမှာ တစ်နာရီ နီးပါးလောက် ကူးခတ်နေရ ပါတယ်။ ငါတော့ အသက်မရှင်နိုင်တော့ဘူး ဆိုပြီး တော်တော်ကို ကြောက်ခဲ့ပါတယ်။ လာရောက် ကယ်တင်တဲ့ ရေတပ် ဗိုလ်ကြီးနဲ့ ရဲဘော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ပေးတဲ့ အသက်ပဲ ရှိတော့တယ်ဟု .... ကျောင်းပိတ်ရက် အတွင်း ဖခင် ပိုင်ဆိုင်သော လှေ၌ လိုက်ပါခဲ့သူ အသက် (၁၇) နှစ် အရွယ်ရှိ နိုင်နိုင်ထွန်းက ပြောသည်။

ပင်လယ်ပြင်မှ အသက်ရှင်လျက် ကယ်တင်ရရှိခဲ့သော ရေလုပ်သား (၇) ဦး စလုံးအား စစ်ရေယာဉ် (၅၁၀)ဖြင့် တင်ဆောင်လာပြီးနောက် မြိတ်မြို့ ဆိပ်ငယ် ဘောတံတားတွင် ဧည့်ခန်းမ၌ မိဘဆွေမျိုး များထံ ပြန်လည် လွဲပြောင်း ပေးခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး၊ ရေပုန်းနယ်မြေ အုပ်ချုပ်ရေးမှူး တို့မှ တက်ရောက်ပြီး အားပေး စကား ပြောကြားခဲ့သည်။

အဆိုပါ ရေလုပ်သား (၇) ဦးတို့အား စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိက လုံချည်တစ်လုံး၊ အင်္ကျီတစ်ထည်၊ စွပ်ကျယ် တစ်ထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(ပြည်ထောင်စုနေ့စဉ်သတင်းစာ)


0 comments: