Thursday, April 9, 2015

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းအား ကြိုဆို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ မြိတ်မြို့၌ ပြုလုပ်

ငြိမ်းချမ်းရေး၏ ပထမ ခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်း (NCA ) အား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး ရှေ့မှောက်၌  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ( UPWC ) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ( NCCT ) တို့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့တို့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း အပေါ် အပြည့်အ၀ ကြိုဆို ထောက်ခံကြောင်း  ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ် ဧပြီလ (၉) နေ့ နံနက် (၆)နာရီ ခွဲအချိန် ပြုလုပ်ခဲ့သည်။




ကျွန်တော်ဟာ တနင်္သာရီ မြို့နယ် အတွင်းမှာ မွေးတဲ့ တနင်္သာရီသား တစ်ဦးပါ။ စစ်ပွဲတွေရဲ့ ဒဏ်ကို တနင်္သာရီ မြို့နယ် အတွင်းမှာ ရှိတဲ့ ကရင်လူမျိုးတွေ အများဆုံး ခံစားခဲ့ရပါတယ်။ တနင်္သာရီမြို့နယ် အတွင်းမှာ ဆိုရင် ကရင်ရွာတွေ အားလုံး နီးပါးဟာ ရွာပြောင်း ရွေ့ခြင်းကို ခံခဲ့ရဖူးပါတယ်။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံး လူတွေဟာ ကျွန်တော်တို့ ကရင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး စာချုပ် လက်မှတ် ရေးထိုးမှုကို ကျွန်တော် အနေနဲ့ အပြည့်အ၀ ထောက်ခံပါတယ် ။ ထာဝရ ငြိမ်းချမ်းရေးလဲ အမြန်ဆုံး ရရှိစေချင်ပါတယ်´´ ဟု ကရင်အမျိုးသား အစည်းအရုံး ( KNU ) မှ ဖဒို ညာဝါးက ပြောသည်။

ငြိမ်းချမ်းရေးကို ကြိုဆို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲအား စုရပ်ဖြစ်သည့် နောက်လယ်ရပ် အမှတ် (၁) ဘောတံတားမှ စတင်ကာ ကမ်းနားလမ်း တစ်လျှောက် စီတန်း လမ်းလျှောက်၍ ပြည်တွင်းစစ် ရပ်စဲရေး ၊ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးရေး၊ အပစ် အခတ် ရပ်စဲရေး၊ တိုင်းရင်းသား များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရေး စသည့်ကြွေးကြော်သံ များဖြင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ် ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ် ပွဲအား မြိတ်မြို့ မြို့ပေါ် (၁၂) ရပ်ကွက်မှ ဒေသခံ ပြည်သူများ၊ ကရင် တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ ရေလုပ်ငန်း ကုမ္ပဏီများမှ ၀န်ထမ်းများ ပါဝင် ခဲ့ပြီး စုစုပေါင်း အင်အား (၄၅၀၀) ခန့် ရှိကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးက ပြောသည်။

စီတန်း လမ်းလျှောက် ဆန္ဒဖော်ထုတ် ပြီးနောက် ကမ်းနားလမ်းရှိ သဲကွင်း၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် အား ကြိုဆို ထောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ပြည်သူ ဦးမြင့်ဆွေ၊ ကရင်အမျိုးသား အစည်းအရုံး ( KNU) မှ ဖဒို ညာဝါး၊ ကရင် တိုင်းရင်းသား ဦးအောင်ထွဋ် တို့က ဟောပြော ဆွေးနွေးခဲ့ကာ နံနက် (၈)နာရီ အချိန်၌ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ပွဲ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: