Saturday, April 6, 2013

မြိတ်မြို့ ကော့လိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ဒုတိယ နာယက ဆရာတော် ဂန္တ၀ါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒ၀ံသအား ၀ိသိဌ ဂုဏပူဇာ မင်္ဂလာ အခမ်းအနား ကျင်းပ

မြိတ်မြို့ ကော့လိပ် ကုက္ကိုကျောင်း ပရိယတ္တိ စာသင်တိုက် ဒုတိယ နာယက ဆရာတော် ဘဒ္ဒန္တ စန္ဒ၀ံသအား ၀ိသိဌဂုဏ ပူဇာမင်္ဂလာ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၅)ရက် နေ့လည် (၁)နာရီတွင် အဆိုပါ စာသင်တိုက်၌ ကျင်းပရာ ကော့လိပ် ကုက္ကိုကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္တ၀ါစက ပဏ္ဍိတ ရွှေရင်းတောင် သာသနာပြု ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက် လာကြသော သူတော်ကောင်း အပေါင်းတို့က ကော့လိပ်ကုက္ကိုပရိယတ္တိစာသင် တိုက် ပဓာနနာယက ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် မြိတ်ခရိုင်အုပ် ချုပ်ရေးမှူး ဦးလွင်ကိုဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒ၀ံသ၏ ထေရုပတ္တိကို (၁)မြစ်ငယ်ရပ်မှ ငွေထိန်း ဦးသန်းနိုင်က လည်းကောင်း၊ ထေရုပတ္တိရတုပိုဒ်စုံကို မင်္ဂလာ ဦးယူခင်ကလည်းကောင်း၊ ထေရုပတ္တိ ထုတိ သြဘာ မင်္ဂလာကဗျာကို (၁)မြစ်ငယ်ရပ် ဓမ္မစကြာအဖွဲ့မှလည်းကောင်း အသီးသီးရွတ်ဆို ပူဇော်ကြသည်။

ထို့နောက် ဂန္တ၀ါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒ၀ံသအား သူတော်ကောင်း အပေါင်းတို့မှ လှူဖွယ် ၀တ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။


0 comments: