Monday, April 1, 2013

ဧပြီ (၁) ရက်နေ့တွင် မြိတ်မြို့ ကြောင်ငယ်ရပ် သင်္ကန်းတောလမ်းတွင် မွတ်ဆလင်များမှ ဗမာ တစ်ဦးအား ၀ိုင်းရိုက် ခဲ့သည့် သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟလသာ ဖြစ်ကြောင်း သိရှိရ

၂၀၁၃ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မြိတ်မြို့ မြို့ပေါ် ရပ်ကွက်များနှင့် ဈေးများအတွင်း ပျံ့နှံလျှက် ရှိသည့် မြိတ်မြို့ ကြောင်ငယ်ရပ် သင်္ကန်တောလမ်းတွင် မွတ်ဆလင်များက ဗမာ တစ်ဦးအား ၀ိုင်းရိုက်ခဲ့သည်ဟု ဆိုသည့် သတင်းမှာ  မှန်ကန်မှု မရှိပဲ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကောလာဟလ သာ ဖြစ်ကြောင်းနှင့် တည်ငြိမ်မှုကို လိုလားခြင်း မရှိသူများက အဆိုပါ ကောလာဟလ အား ထုတ်လွှင့်လျက် ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၃၁.၃.၂၀၁၃ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်ခန့် တွင် မြိတ်မြို့ ၊ နောက်လယ် ၃ လမ်းရှိ အရက်ဆိုင် တွင်  ဦးဝင်းအောင် ( အသက် ၅၀ နှစ် ) ( ဘ ) ဦးစိုးသက် ၊ အောင်ဆန်း ၂ လမ်း၊ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ နှင့် ဦးသန်းဝေ ( အသက် ၃၀နှစ် )တို့ အတူ ရောက်ရှိလာကာ အရက် အတူ သောက်ပြီးနောက် အရက် အမူးလွန်ကာ ည (၇) နာရီ ကျော်ခန့်တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ထွက်သွားပြီး အရက်ဆိုင်နှင့် မနီး မဝေးတွင် ၄င်းတို့ နှစ်ဦး ခိုက်ရန် ဖြစ်ပွားခဲပြီး ၄င်းတို့ နှစ်ဦး အပြန်အလှန် ထိုးကြိတ်ကြရာ ဦးဝင်းအောင်တွင် အပေါ် အရှေ့သွား နှစ်ချောင်းကျိုးသွားကာ ညာဘက် နားနောက် တွင် ပေါက်ပြဲဒဏ်ရာရခဲ့ ကြောင်း သိရသည်။ ထို့အပြင် ဦးသန်းဝေတွင်လည်း အပေါ် နုတ်ခမ်း အတွင်း ကွဲသွားပြီး  ရဲစခန်းတွင် အမှုဖွင့်ရာမှ အထွေထွေဆေးရုံကြီးသို့  ဦးဝင်းအောင်မှာ ည ၁၂ နာရီ ခန့်တွင် ရောက်ရှိလာပြီး ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ခိုက်ရန် ဖြစ်ပွားပြီးနောက် ဦးသန်းဝေမှာ တိမ်းရှောင်သွားကြောင်း သိရသည်။

ထိုသို့ ဦးဝင်းအောင်မှာ ဆေးရုံတက် ကုသ ခံယူနေမှု အပေါ် အခွင့်ကောင်း ယူပြီး ဆူပူလိုသူ များက ဗမာ တစ်ဦးအား မွတ်ဆလင် (၃) ဦးက ၀ိုင်းဝန်း ရိုက်နှက်ခဲ့၍ ဆေးရုံသို့ ရောက်ရှိနေကြောင်း ကောလာဟလ သတင်းအား ထုတ်လွှင် ခဲ့ရာ (၁) ရက်နေ့ မနက်ပိုင်းတွင်  တစ်မြို့လုံး ပျံ့နှံ့သွား သဖြင့် ရပ်ကွက် အချို့တွင် ရန်စောင်မှု တစ်ချို့ ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ဘာသာရေး လူကြီးများ၊ အုပ်ချုပ်ရေး အကြီးအကဲများမှ အဖြစ်မှန်ကို ရှင်းပြခဲ့ရကြောင်း သိရှိရသည်။
 
ဆေးကုသမှု ခံယူနေရသည့် ဦးဝင်းအောင် ထံသို့  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြိး ရွှေညာမောင် နှင့် အောင်မင်္ဂလာ ကျောင်းတိုက် ဆရာတော် ၊ နိုင်ငံရေး ပါတီများ ခေါင်းဆောင်များ၊ (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ သွားရောက် အားပေး မေးမြန်းပြီး ရရှိသည့် သတင်းများအရ ဦးဝင်းအောင်နှင့် ရန်ဖြစ်ပြီး ရှောင်ပြေးနေသူ ဦးသန်းဝေအား နောက်လယ် (၂) လမ်း တက္ကစီ ဂိတ်တွင် သက်ဆိုင်ရာမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိသည်။

စုံစမ်း သိရှိချက်များ အရ ဆေးရုံ တင်ထား ရသည့် ဦးဝင်အောင်အား ဆူပူလိုသူ အချို့မှ အဆိုပါ ကောလာဟလ သတင်း အတိုင်း သက်ဆိုင်ရာတွင် ထွက်ဆိုချက်ပေးရန်  လူနှစ်ဦးသုံးဦးမှ လာရောက်ကာ ပြောဆိုစေ ခိုင်းသည့် သတင်းများလည်း ထွက်ပေါ်နေကာ သက်ဆိုင်ရာမှလည်း အဆိုပါ သတင်းအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

2 comments:

Unknown said...

ဝင်းအောင်နှင့်သက်ဆိုင်သူများမှလည်း ဖြစ်စဉ်အမှန်အားသိရှိခြင်းမရှိ ဘဲကောလဟာလသတင်းမယုံကြည်သင့်ပါ ဒဏ်ရာအနာတရရရှိခြင်း ကိုကြေနပ်မှုမရှိပါက ဥပဒေကြောင်းအရအရေးယူပေးရန်တိုင်တန်းနိုင်ပါသည် ဖြစ်စဉ်နှင့်ပတ်သက်ပြီးခိုင်လုံသောသက်သေများလည်းရှိကြောင်းစုံစမ်းသိရှိရပါသည် အဖျက်ပရောဂများကိုဝိုင်းဝန်းဖော်ထုတ်နှိမ်နှင်းကြမှသာ ပပျောက်သွားနိုင်ပါသည်

Unknown said...

ဝင်းအောင်နှင့်သက်ဆိုင်သူများမှလည်း ဖြစ်စဉ်အမှန်အားသိရှိခြင်းမရှိ ဘဲကောလဟာလသတင်းမယုံကြည်သင့်ပါ ဒဏ်ရာအနာတရရရှိခြင်း ကိုကြေနပ်မှုမရှိပါက ဥပဒေကြောင်းအရအရေးယူပေးရန်တိုင်တန်းနိုင်ပါသည် ဖြစ်စဉ်နှင့်ပတ်သက်ပြီးခိုင်လုံသောသက်သေများလည်းရှိကြောင်းစုံစမ်းသိရှိရပါသည် အဖျက်ပရောဂများကိုဝိုင်းဝန်းဖော်ထုတ်နှိမ်နှင်းကြမှသာ ပပျောက်သွားနိုင်ပါသည်