Monday, April 1, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်


"ပထမအချက် အနေနဲ့က ပြည်သူ အများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်း ကိစ္စဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံးကျပ်ငွေနှုန်းထားဖြင့် ကျွန်တော် ကတိပေးပြောကြားထားတဲ့ အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်းဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အား ၀င်ဆန့်တဲ့ တယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှ တတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

၎င်းအပြင်အခြေခံတယ်လီဖုန်း အဆောက်အအုံ နဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္မဏီများနဲ့ လစဉ်တိုးချဲ့ သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန်ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသ အထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


တစ်ချိန်ထဲမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တို တယ်လီဖုန်းများကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။"

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့် ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြ တောင်းခံ ခဲ့ပါတယ်။ ပြည်ထော်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲ ကို စာနာပြီး ဒါကြောင့် ယခင် ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်းထောက်ပံ့ ကြေးငွေ အဖြစ်ဆက်လက် သတ်မှတ်ပြီး ယခု ကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ်ဧပြီလ မှ စပြီး ထပ်မံ၍ တိုးပေးသွားမှာ ဖြစ်ပါ တယ်။"

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးအောင်၊ တိုင်းပြည် တည်ငြိမ်းအေးချမ်းမှု ရှိအောင် ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ

"တတိယ အချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သလောက် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိဖို့ အတွက် အလုပ်ရုံ စက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ အရင်းအနှီး နည်းပညာ နဲ့ လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်နေပါတယ်။ ဒီအချက်တွေ မပြည့်စုံသေးခင်မှာ ပြည်ပမှ အရင်းအနှီး တွေ ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ရှိစေမယ့် မူဝါများ လည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်ရော ညီထွေ ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြင်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တာဆီးမှုတွေ ဖြေလျော့ နိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှု တစ်ချို့ ရရှိနေပြီဖြစ်ပါတယ်။ ယခင်ခေတ်ဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြေများအနက် အမေရိကန်ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကို လျော်ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် တို့မှ နှုန်းထား သက်သာတဲ့ နှစ်ရှည် ချေးငွေများကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ်ချက်က တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည် တည်ငြိမ်းအေးချမ်းမှု မရှိပဲ ဆူဆူ ပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့် အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘ ပြည်သူများအားလုံးကို တိုင်းပြည် တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။"

"တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ်လက်စားများဖြစ်ကြကြောင်း"


"စတုတ္တ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံ အကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမား ဘ၀ တိုးတက် မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ် လက်စားများဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စာရေး ၀တ်ရေးနဲ့ နေရေးကို ဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာ ကဏ္ဍ ဖွံဖြိုး တိုးတက်ရေး အတွက် တောင်သူလယ်သမားများ အနေနဲ့ အလုပ်ကိုကြိုးစား လုပ်ကိုင်ကြပြီး လယ်ယာ ထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မိမိတို့ရဲ လယ်မြေများ တန်ဖိုးမြင့် တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုး ကြဖို့ စနစ်တကျ သိပံနည်းကျ စိုက်ပျိုးကြဖို့ စက်မှုလယ်ယာကို ပြောင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက် ကြ ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိကလိုအပ်ချက်ဟာ ငွေကြေး အရင်းအနှီးဖြစ်တယ် ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထား ပါတယ်။ ဒါကြောင့်ငွေကြေး အရင်းအနှီးကို ဖြည့်စည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ် အသေးစားငွေစုငွေချေး အသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေး အစုအဖွဲ့များ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ ဒါအပြင့် ပြည်ပ အထောက် အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ "



0 comments: