Wednesday, April 10, 2013

မြိတ်မြို့နယ် အတွင်း သိမ်းဆည်း မြေယာများ အပေါ် တိုင်ကြားမှုအား ပြည်ထောင်စု လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့ စတင် စစ်ဆေး



မြိတ်မြို့နယ် အတွင်း အကြောင်း အမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်နှင့် မြေယာများ အပေါ်တွင် သိမ်းဆည်း ထားမှုအား ကျေနပ်မှု မရှိပဲ ပြန်လည် ရလိုကြောင်း တိုင်ကြားချက်များအရ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေး ထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုလောမြို့နယ် ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ ဦးဆောင်၍ အဖွဲ့ဝင် (၄) ဦးပါဝင်သော  အဖွဲ့ခွဲ (၁ဝ) မှ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မြိတ်မြို့ ခရိုင် အုပ်ချုပ်ရေးမှူးရုံး ကျွန်းရတနာ ခန်းမတွင် ၂၀၁၃ ရက်နေ့ ဧပြီလ (၉) ရက်နေ့ တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုနေ့က စစ်ဆေးခဲ့သော အမှုမှာ (၁၅) မှု ဖြစ်ပြီး ထိုအမှုများမှာ အများအားဖြင့် တပ်မတော်က တပ်တည် ဆောက်ရေးအတွက် သိမ်းဆည်းထားသည့် အပေါ် တည်ဆောက်ရေး လုပ်ငန်းများ ပြုလုပ်ခြင်း မရှိပဲ  အသုံးမပြုသည့် မြေယာ များအား ပြည်လည် ရရှိလိုကြောင်း တိုင်ကြား ထားသည့် အမှုများမှာ အများ စု ဖြစ်ကြောင်း သိရှိသည်။ 

ထို စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ထားဝယ်ခရိုင် အတွင်း မြေယာ သိမ်းဆည်းမှု (၂၁) မှုအား စစ်ဆေးခဲ့ပြီး မြိတ်ခရိုင်အတွင်း တစ်မြို့နယ် ချင်းအလိုက် ဆက်လက် စစ်ဆေးလျက် ရှိကာ ကော့သောင်း ခရိုင်သို့ သွားရောက်ပြီး စစ်ဆေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

စစ်ဆေးခဲ့သည့် အမှုများမှာ တပ်မတော်က သိမ်းထားသည့်မြေ၊ မြို့သစ်နဲ့ စက်မှုဇုန် တည်ဆောက်ဖို့ သိမ်းထား သည့်မြေ၊ နိုင်ငံတော် ဆောက်လုပ်ရေး စီမံကိန်းတွေအတွက် သိမ်းထားသည့်မြေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များက သိမ်းထား သည့်မြေများ ပါဝင်ကြောင်း သိရသည်။ 

စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက် ၊ အကြံပြုချက်များအား ဇွန်လအတွင်း ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 


1 comments:

Unknown said...

သိမ်းဆည်းခံထားရသည့်မြေယာများအားပိုင်ရှင်များမှပြန်လည်ရရှိပါက အတိုင်းမသိဝမ်းသာပီတိဖြစ်ကြမှာအမှန်ပါ