Tuesday, April 9, 2013

မြိတ်မြို့တွင် မော်တော် ဆိုင်ကယ် စာရင်း ကောက်ယူလျက်ရှိ

မြိတ်မြို့အတွင်း မောင်းနှင် စီးနှင်းလျက်ရှိသည့် မော်တော် ဆိုင်ကယ်များ စာရင်းအား ဧပြီလ ပထမ ပတ် အတွင်း မြို့ပေါ် ရပ်ကွက် အသီးသီးတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူး များက ကောက်ယူလျက် ရှိကြောင်း သိရသည်။

ထိုသို့ စာရင်း ကောက်ယူရခြင်းမှာ မြိတ်မြို့ ပေါ်တွင် ညပိုင်း အချိန်မတော်တွင် မော်တော် ဆိုင်ကယ် စီးနှင်းပြီး ဆူပူလှုံ့ဆော်မှု ဖြစ်ပွား စေရန် အော်ဟစ်ခြင်း၊ မော်တော် ဆိုင်ကယ် အုပ်စုဖွဲ့ စီးနင်းပြီး တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေးကို နှောက်ယှက် နေသူများ ရှိသဖြင့် ထိန်းချုပ်နိုင်ရေး အတွက် မော်တော် ဆိုင်ကယ် စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောသည်။

ဦးလွင်ကိုဦးကပင် အခု စာရင်းကောက်ယူရာတွင် မြိတ်မြို့ပေါ်ရှိ လိုင်စင်ရှိ ဆိုင်ကယ် ၊ လိုင်စင်မဲ့ ဆိုင်ကယ် အားလုံးအား စစ်တမ်း ကောက်ယူသွားဖြစ် ဖြစ်ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူရန် စာရင်း ကောက်ခြင်း မဟုတ်ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များမှာ တစ်နိုင်ငံလုံးတွင် ရှိနေသည့် အတွက် အထက် ဌာနများမှ ညွှန်ကြားလာပါက ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ခရိုင် တစ်ခုတည်း ဖောက်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူခြင်း ပြုမည် မဟုတ်ကြောင်းကို (၆-၄-၂၀၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ပြုလုပ်သည့် မြိတ်မြို့ အေးချမ်း တည်ငြိမ်ရေး ဆောင်ရွက်ရန် အဖွဲ့အစည်း ပေါင်းစုံ  ညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့သည်။

ထိုသို့ မြိတ်မြို့ပေါ်တွင် ဆိုင်ကယ် စာရင်း ကောက်ယူခြင်း ဆောင်ရွက်လျက် ရှိသည့် အတွက် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် ပိုင်ရှင်များမှာ စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး ယခင် နံပတ်ပြား တပ်ဆင် ခြင်း မရှိသည့် ဆိုင်ကယ်များမှာလည်း နံပတ်ပြားများ တပ်ဆင် မောင်းနှင်းလျက် ရှိကြောင်း သိရှိရသည်။



1 comments:

Unknown said...

ရပ်ကွက်အလိုက်ဆိုင်ကယ်စာရင်းကောက်ယူခြင်းအပြင်မြို့ပေါ်ရှိဆိုင် ကယ်အရောင်းခန်းမများမှနေ့စဉ်ရောင်းချသည့်ဆိုင်ကယ်များစာရင်းကိုလည်းသက်ဆိုင်ရာဌာနများသို့ပေးပို့စေကာဆိုင်ကယ်စာရင်းအားရ ယူထားသင့်ပါသည် ဆိုင်ကယ်လိုင်စင်ရှိ လိုင်စင်မဲ့များ၏နံပါတ်ပြားများ ကိုလည်း ခွဲခြားကာ တပ်ဆင်စေပါကပိုမိုကောင်းမွန်ပြီး မှုခင်းနှင့်ပတ်သက်လျှင်လည်း စုံစမ်းရ အဆင်ပြေနိုင်မည်ဖြစ်ပါသည်