Tuesday, April 9, 2013

သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသောယာဉ်အား ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်လျှင် အရေးယူနိုင်

မကြာမီ ကျရောက် လာတော့မည့် မဟာသင်္ကြန် ပွဲတော်တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အားလုံးမှ ပါဝင်ဆင်နွှဲကြမည် ဖြစ်ပါသည်။ တချို့သော ဗုဒ္ဓဘာသာဝင် များက သက်ကြီး ရွယ်အိုများ အား ခေါင်းလျှော် သန့်ရှင်းမှုများ ပြုလုပ်ပေးကြ သလို တချို့မှာ ရဟန်းခံရှင်ပြု ဒုလ္လဘ ရဟန်းဝတ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းဖြင့် ကုသိုလ်ယူကြ ပါသည်။ သို့ပါသော်လည်း အများစုမှာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြ ပါသည်။

တချို့မှာ ရေပက်မဏ္ဍပ်များတွင် ရေပက်ခြင်း၊ တချို့သော ကုမ္ပဏီများမှ မဏ္ဍပ်များ တည်ဆောက်ကာ အက အခုန် သီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ကြပါသည်။ တချို့သော ပြည်သူ များသည် ပျော်ရွှင်မှုတစ်ရပ် အနေဖြင့် ရေထဲတွင် အမွှေးနံ့သာများ၊ ပင်ပွားများ၊ မှို့များ ထည့်၍ လောင်းတတ်ကြပါသည်။တစ်ခါတစ်ရံ ရေခဲများထည့်ထားသော အေးခဲနေသည့် ရေများဖြင့်လည်း
လောင်းတတ်ကြ ပါသည်။

ယင်းသို့ပြုလုပ်၍ ရေပက်ရာတွင် ရေပက်ခံသော ပြည်သူများ အတွက် ဘေးအန္တရာယ် မဖြစ်သော်လည်း လုံခြုံမှုကို ဘေးဖြစ်စေတန် ရာသော ရည်ရွယ်ချက်ဖြင့် ဘေးဖြစ်နိုင်သော အခြားအရာဝတ္ထု တစ်ခု (ရေခဲတုံးသေးများ၊ သစ်သားစများ)ကို ရေနှင့်ရော၍ လောင်းမိလျှင် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ ယခုလို မဟာသင်္ကြန်ကာလ မတိုင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ မြို့တော်စည်ပင် သို့မဟုတ် အုပ်ချုပ်ရေးဌာနများမှ ပြည်သူများ ထိခိုက်နစ်နာမှု မရှိရအောင် အမိန့်၊ စည်းကမ်းများ ထုတ်ပြန်လေ့ ရှိကြပါသည်။ ရေထဲတွင် ခွေးလှေးယားသီး၏ အရည်၊ ရေခဲတုံးအသေး၊ အက်စစ်၊ မသန့်ရှင်းသောရေ၊ သစ်တိုသစ်စများ၊ ခဲများနှင့် အခြား လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာဝတ္ထု တစ်ခုခုကိုရော၍ လောင်းမည်ဆိုလျှင် ဘေးအန္တရာယ် ဖြစ်စေသည်ကို သိပါလျက်နှင့် ပြုလုပ်ပါက ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉ (က)အရ တရားစွဲဆို ခံရနိုင်ပါသည်။

ယင်းဥပဒေမူရင်းအား တင်ပြရပါလျှင် ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉(က) ''မည်သူမဆို ယာဉ်တစ်စီးစီးတွင် စီးနင်းလာသူ တစ်ဦးတစ်ယောက်၏ လုံခြုံမှုကို ဘေးဖြစ်စေတန်ရာသော အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ဖြစ်စေ တန်ရာသည်ကို သိလျက်နှင့်သော် လည်းကောင်း၊ အများပြည်သူ ဆိုင်ရာ နေရာ၌ ယာဉ်တစ်စီးစီးကို သစ်သားဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်စစ်ဖြင့်ဖြစ်စေ၊ အခြား အရာဝတ္ထုဖြင့်ဖြစ်စေ ပစ်ခတ်လျှင် သို့တည်းမဟုတ် ရိုက်ပုတ်လျှင် သို့တည်းမဟုတ် ထိုယာဉ် တစ်စီးစီးပေါ်၌ ထိုအရာတစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားပါသည်။ ရခိုင်ရိုးရာ သင်္ကြန် ရေသဘင် ဆင်ယင်ကျင်းပမှုသည် ယဉ်ကျေး၍ စည်းကမ်းကျပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်သော အကြောင်းတရားများ မရှိသည်ကို တွေ့ရှိရပါသည်။ နှစ်စဉ်ကျင်းပလျက်ရှိသော သင်္ကြန် ပွဲတော်အား အေးချမ်း ပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သတိထား ပါဝင် ဆင်နွှဲကြစေလို ပါသည်။

သို့ပါသောကြောင့် သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသော ယာဉ်ကို ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်း မပြုရမိအောင် လွန်ကဲသော သတိတရားများဖြင့် ဆင်ခြင်ပါဝင် ဆင်နွှဲကြစေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင် ဖော်ပြထားပါသည်။


1 comments:

Unknown said...

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသကြန်ပွဲကိုဆင်နွဲကြမည့်မြိတ်သူ မြိတ်သားများမှ ဖော်ပြထားသည့်သတိပေးချက်များကိုမဖောက်ဖျက်မိ ရန်နှင့်ဥပဒေကြောင်းအရအရေးယူခြင်းမခံရစေရန်အသိတရားရှေ့ထားပြီးဆင်ခြင်သတိပြု ဆင်နွဲကြရန်တိုက်တွန်းလိုက်ပါတယ်