Thursday, October 10, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ဂုဏ်ပြုသည့် တကိုယ်တော် လမ်းလျှောက်သူ မြိတ်မြို့မှ ဆက်လက် ထွက်ခွာ


မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ SEA GAME ပွဲတော်ကို ကြိုဆို ဂုဏ်ပြု၍ မြန်မာနိုင်ငံတောင် ဘက်စွန်း ကော့သောင်းမြို့မှ SEA GAME ပွဲတော် ကျင်းပရာ နေပြည်တော် အထိ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ်၊ မြေနီလမ်း အမှတ် (၄၆)နေ အသက်(၄၅)နှစ် အရွယ်ရှိ ဦးအောင်သူ (အဘ) ဦးအောင်မြ သည် အောက်တိုဘာလ(၁) ရက်နေ့ နံနက် (၆)နာရီအချိန် ကော့သောင်းမြို့ ဘုရင့်နောင်အငူ (၀ိတိုရိယအငူ)မှစတင်၍ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်ရာ ကော့သောင်းမြို့၊ ခမောက်ကြီး မြို့နယ်ခွဲ၊ ကရသူရိ မြို့နယ်ခွဲ၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင် မြို့နယ်ခွဲ၊ တနင်္သာရီ မြို့နယ်များကို ဖြတ်သန်း လျှောက်လှမ်းခဲ့ပြီး မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာ သို့ အောက်တိုဘာလ (၉)ရက် နံနက်(၈း၂၀) နာရီတွင် ရောက်ရှိလာခဲ့သည်။ 



အဆိုပါ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ ဦးအောင်သူအား မြိတ်မြို့ အားကစား နှင့်ကာယ ပညာဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးထွန်းရှိန်နှင့် အားကစား ၀ါသနာရှင်များ၊ ပြည်သူများမှ တခဲနက် ကြိုဆို အားပေးကြသည်။ ၄င်းတစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ ဦးအောင်သူအား အောင်မင်္ဂလာ လူငယ်များ စာကြည့်တိုက် အုတ်လှငယ် အဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦးသည် ကျောက်ဖြူတောင် ကျေးရွာမှ မြိတ်မြို့ အတွင်းသို့ လျှောက်လှမ်းစဉ် လိုက်ပါလျှောက်လှမ်း အားပေးခဲ့ကြရာ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူသည် နံနက်(၁၀း၄၅) နာရီတွင် မြိတ်မြို ဆိပ်ငယ် ရပ်ကွက် လွပ်လပ်ရေး ကျောက်တိုင် အထိ (၂၈၆)မိုင် ခရီးပေါက်လျှောက်လှမ်းခဲ့သည်။

အောက်တိုဘာလ (၁၀)ရက် နံနက်(၇)နာရီတွင် တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ ဦးအောင်သူ အား မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ မြိတ်မြို့ အားကစား နှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရှိန်နှင့် ပြည်သူများမှ ဆိပ်ငယ်ရပ်ကွက် လွပ်လပ်ရေး ကျောက်တိုင်တွင် တွေ့ဆုံ အားပေး ၀မ်းမြောက် စကားပြောကြားကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ရွှေလက်စွပ် တစ်ကွင်း ဂုဏ်ပြုပေးအပ်ခဲ့ရာ ဦးအောင်သူက လက်ခံရယူပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှ SEA GAME ပွဲတော်ကိုကြိုဆို ဂုဏ်ပြု လျှောက်လှမ်းခဲ့သော မြန်မာနိုင်ငံ တောင် ဘက်စွန်း ကော့သောင်း မြို့မှ SEA GAME ပွဲတော် ကျင်းပရာ နေပြည်တော် အထိ မြိတ်မြို့မှ ဆက်လက် လမ်းလျှောက် သွားခဲ့သည်။ ၄င်းသည် တစ်နေ့လျှင် ပျှမ်းမျှ(၃၅) မိုင်နှုန်းခန့် လမ်းလျှောက်ခဲ့ပြီး နေပြည်တော်အထိ မိုင်ပေါင်း(၁၁၈၂)မိုင်ကို (၅၅)ရက် အကြာ ကာလအတွင်း ရောက်အောင် တကိုယ်တော်လျှောက်လှမ်း သွားခဲ့ ကြောင်း သိရှိရသည်။

0 comments: