Sunday, October 6, 2013

မြိတ်မြို့၌ ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲ ကျင်းပ


မြိတ်ခရိုင် ပညာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ပွဲကို အောက်တိုဘာလ (၅)ရက် နံနက် (၈း၃၀) နာရီတွင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ပညာ့ဗိမာန် ခန်းမ၌ ကျင်းပရာ ကန့်တော့ခံ အငြိမ်းစား ဆရာကြီးများ၊ ဆရာမကြီးများ (၃၉)ဦး၊ မြိတ်ခရိုင် ပညာ ရေးမှူး၊ မြို့နယ် ပညာရေးမှူး ၊ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းနှင့် တက်ရောက်လာကြ သူများက ပင်စင်ယူပြီး အသက် (၇၀)ပြည့် ကန်တော့ခံ ဆရာကြီး ဆရာမကြီးတို့အား အနန္တော အနန္တ (၅)ပါး ဦးထိပ်ထားလျက် သြကာသ ကန့်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန့်တော့ခံ ဆရာကြီး ဆရာမကြီးများအား ကန့်တော့ လက်ဆောင် ပစ္စည်း များဖြင့် ဂါရ၀ပြုကြသည်။

ထိုနောက် ဆရာကြီး ဦးဦးမြင့် လက်ထောက် တိုင်းပညာရေးမှူး (ငြိမ်း)နှင့် ဆရာမကြီး ဒေါ်ခင်သင်းကြူ အလယ်တန်းကျောင်းအုပ်(ငြိမ်း)တို့က ၀မ်းသာပီတိစကားနှင့် သြ၀ါဒစကားများ ပြောကြားကြရာ တက်ရောက် လာကြသူများက နာခံမှတ်သားကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။ အခမ်းအနားသို့ မတက်ရောက်နိုင် သော ဆရာကြီး ဆရာမကြီး(၃၃)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ယာရောက် ကန်တော့ လက်ဆောင်ပစ္စည်း များဖြင့် သွားရောက် ဂါရ၀ပြုကြမည်ဖြစ်သည်။ ၂၀၁၃ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် မြတ်ဆရာ ပူဇော်ပွဲကို အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းကျောင်း များတွင် ကျင်းပခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments: