Sunday, October 20, 2013

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့၌ မြိတ်မြို့တွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား



အောက်တိုဘာလ (၁၉) ရက်နေ့ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော် နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာဝင်  များသည် မြိတ်မြို့ပေါ်ရှိ တန်ခိုးကြီး ဘုရားများဖြစ်သည့် လေးကျွန်းဆီမီး စေတီတော်၊ ပေါ်တော်မူ စေတီတော်၊ မဟာသိဒ္ဓိဇယ စေတီတော် အစရှိသည့် ဘုရားပုထိုး များတွင် ပန်း၊ ရေချမ်း ဆီမီး ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး သီလ ခံယူခြင်း၊ အလှူဒါနများ ပြုလုပ်ခြင်း တို့ဖြင့်  မွေ့လျော်လျက် ရှိသည်ကို တွေ့ရှိရသည်။ 




ထို့အပြင် မြိတ်မြို့နယ် အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများ အသီးသီးတွင်လည်း ဥပုသ် သီတင်းသီလ ခံယူ ဆောက်တည်သူများပေါများပြီး သံဃာတော်များနှင့် ဥပုသ်သည်များအား အလှူအတန်းပြုလုပ်သူ များစွာတို့ ကုသိုလ်ယူ ဆောင်ရွက်သည်ကို တွေ့ရှိရသည်။ 

လပြည့်နေ့ မတိုင်မီ တစ်ရက် အလိုကတည်းက မြိတ်မြို့ပေါ်ရှိ ကုန်တိုက်ကြီးများ၊ အရောင်းဆိုင်များတွင် ၀ါကျွတ် ကန်တော့ လက်ဆောင် ပစ္စည်းများ ရောင်းချလျက် ရှိရာ ၀ယ်ယူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပြီး လပြည့်နေ့ ညနေပိုင်းတွင် မိဘ ဆရာသမားများအား မိသားစုအလိုက် သွားရောက် ကန်တော့လျက် ရှိသည်ကို ကြည်နူးဖွယ်ရာတွေ့ရသည်။ 

မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီးတွင် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနား ကျင်းပပြုလုပ်လျက် ရှိရာ သီတင်းကျွတ် လပြည့်နေ့ ညပိုင်းတွင် ရင်ပြင်တော်ပေါ်၌ ကြက်ပျံမကျ ကြိတ်ကြိတ် တိုး၍ ကောင်းမှု ကုသိုလ် ပြုလုပ်သူများဖြင့် စည်ကားလျက် ရှိသည်ပြီး ပွဲတော် ကျင်းပရာ နေရာ၌ ဈေးဆိုင်တန်း များတွင်လည်း ၀ယ်ယူများပေါများလျက် ရှိသည်ကိုတွေ့ရှိ ရသည်။ ထိုနည်းတူ မြိတ်မြို့ရှိ ပေါ်တော်မူ စေတီတော်၊ မဟာသိဒ္ဓိဇယ စေတီတော်တို့တွင်လည်း ကုသိုလ် ကောင်းမှု ပြုလုပ် သူများဖြင့် စည်ကား လျက်ရှိသည်။ 

ထိုနည်းတူစွာ မြိတ်မြို့ပေါ် ရပ်ကွက် အသီးသီးရှိ ဓမ္မာရုံများတွင်လည်း ဓမ္မစကြာ တရားတော်များ ရွတ်ဆိုသံများ စည်ဝေလျက် ရှိပြီး စတုဒီသာ နိဗ္ဗာန်ဈေး အဖြစ် လှူဒါန်း ကျွေးမွေးခြင်းများကို ရပ်ကွက် အလိုက်၊ တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ၊ အဖွဲ့အလိုက် ပြုလုပ်ဆောင်ရွက် လျက်ရှိကာ ကျွေးမွေး သူများနှင့် ပျော်ရွင်စွာ လာရောက် စားသောက်လျက် ရှိသည်ကို မြိတ်မြို့ နေရာ အနှံ့ တွေ့မြင် ရသည်။ 

သီတင်းကျွတ် လပြည့်နေ့ ညဦး ၆ နာရီလောက် တွင်သာ မိုးဖွဲဖွဲ့ ရွာချပြီး နောက် ရာသီဥတု ကောင်းမွန် သဖြင့် မြိတ်မြို့တစ်မြို့လုံး မော်တော် ဆိုင်ကယ်များဖြင့် လမ်းလည်သူများ များပြားခဲ့ပြီး ရပ်ကွက် အသီးသီးရှိ နေအိမ်များတွင် ရောင်စုံ မီးများ ထွန်းညှိကာ မြတ်စွာဘုရားအား ပူဇော် ထားသည်ကို တွေ့မြင်ရသည်မှာ ပျော်ရွင် ကြည်နူးစရာ ကောင်းပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ ဖွယ်ရာ ကောင်းလှသည်။

0 comments: