Friday, October 25, 2013

နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ

(မြိတ် အောက်တိုဘာ ၂၄ ) ။ ။ တနင်္သာရီတိုင်း ဒေသကြီး မြိတ် ခရိုင် တနင်္သာရီမြို့၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော နဂါးလှေ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် နှစ်စဉ် ကျင်းပ မြဲဖြစ်သော နဂါးလှေ အလှပြ လှော်ခတ် ပူဇော်ပွဲ အခမ်းအနားကို တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက် တာရိုးလမ်းရှိ ဦးကျော်ဝင်း သစ်စက် ရေဆိပ်၌ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။



အဆိုပါ နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ပွဲကို ချောင်းကြီး ကျောင်းတိုက် မဟာဘုံကထိန် အထိမ်းအမှတ် အဖြစ် နှစ်စဉ် ရှေးခေတ်၏ ဖွဲ့စည်းပုံ အတိုင်း နဂါး လှေတော် အလှပြ လှော်ခတ် ပူဇော်ခြင်းနှင့် ဧဇာ ယဉ်ကျေးမှု အမွေ အနှစ် ဖော်ထုတ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ နဂါးလှေတော် အလှပြ ပူဇော်ရာတွင်  တနင်္သာရီမြို့ လူငယ်များ အဖွဲ့မှ  မြလုံးနောင် နဂါး လှေတော်ကို စီး၍ လည်းကောင်း၊ လယ်သစ် ကျေးရွာမှ မြကြီး အောင်၊ စိန်ပန်းသွယ်၊ ပတ္တမြားသွယ်၊ ရန်ကြီးအောင် စသည့် နဂါးလှေတော်ကြီး ငါးစင်းဖြင့် တနင်္သာရီမြို့ရှိ ရှေးဟောင်းဘုရား စေတီများနှင့် ဆရာတော်၊ သံဃာတော် အရှင် သူမြတ်များအား တနင်္သာရီမြစ် အတွင်းမှ လက်ယာရစ် အလှပြလှော် ခတ်ဦးခိုက် ပူဇော်ခြင်းကို နံနက် ၇ နာရီမှ ၈နာရီ အထိ တစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီမှ ၂ နာရီ အထိ တစ်ကြိမ် အလှပြ လှော်ခတ် ခဲ့ကြသည်။

အဆိုပါ  နဂါး လှေတော် လှော်ခတ်ရာတွင် နဂါးလှေဦး၌ ထိုင်သော မင်္ဂလာ ဦးပေါက်သည် လှေတော် တစ်ခုလုံး၏ ဦးစီး ပဓာနဖြစ်ပြီး မင်္ဂလာ ဦးပေါက် ဆရာ၏ လှော်ချက်အတိုင်း အနှေးအမြန်ကို ကြည့်၍ လှေတော်သား အားလုံး က လှော်ခတ် ရပြီး နဂါးလှေထဲတွင် ပါဝင်သည့် ဗုံ၊ မောင်း၊ နှဲ၊ စည်းဝါးတီး သူတို့ကလည်း  တစ်ပြိုင်နက် ဧဇာ အလိုက် တီးမှုတ်ကာ မြစ်ရေစီးနှင့် ဝဲဂယက်ကြားတွင် လှော်ခတ်ရင်း သရုပ်ပြခဲ့ ကြောင်း သိရသည်။

myawady
2013-10-25

0 comments: