Wednesday, October 23, 2013

လမ်းတို့ရဲ့မာယာ



သင် ဆိုင်ကယ် တစ်ဦးနဲ့ ဘိတ်ဘက်ကို သွားကြည့်လိုက်ပါ။ ကတ္တရာလမ်း အတိုင်းပေါ့။ ဆိုင်ကယ်မောင်းရင်း အိပ်ငိုက်လာ ပါမယ်။ မပူပါနဲ့ မကြာမီ အိပ်ငိုက်ပြေသွားမယ်။ အိပ်ငိုက်ပြေရုံတင် မဟုတ်ပါဘူး၊ ချွေးပါပြန်လာပါ မယ်။ စိတ်မညစ်ပါနဲ့ ရှေ့မှာ လမ်းပြန်ကောင်းပါ လိမ့်မယ်။ ကတ္တရာလမ်း သက်သက်မို့ အာရုံပြောင်းပေးပါလိမ့် မယ်။ မြေနီလမ်းကို ရောက်ပါ အုံးမယ်။ ပြီးတော့ ကျောက်လမ်း ကိုလည်း တွေ့ရပါ လိမ့်မယ်။ လမ်းသွားရင်း သတိထားပါ။ ကျောက်မိုင်းခွဲလို့ ဒုက္ခတွေ့ နိုင်တယ်။ သမုတ်ချောင်းကို လှေနဲ့ကူးပြီးရင် ဘိတ်ကို ရောက်ပါတယ်။ သင်ရဲ့ ခရီးစဉ်အတွင်း ရသပေါင်းစုံတွေ့ရ ပါမယ်။





ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖူးပါတယ်။
“ နွေဆိုရင် ဖုန်ထပါလို့၊ မိုးရောက်ရင် ဗွက်ထူ ၊ ကတ္တရာ တကယ် မတွေ့ပါဘူး၊ အခါအခါမြေဖို့ ရှာတယ်၊ ပျက်နေအစဉ် ပြင်ခဏ ပါဘဲ၊ ဘတ်ချက်ရယ် မကူ၊ ရပြန်လည်း တလွဲလုပ် တယ်၊ အများသိ သူယူ။ မွေးဇာတာ ကံရယ်ခေလို့ သွားရတယ် ဒီလမ်းမှာဖြင့် ချိုင့်ခွက်တွေထူ၊ ကတိတွေ ရင်ဝယ်ပိုက်ပါလို့ ပြည်သူတွေ ၀မ်းမနည်း ပါဘူး အချိန်တန်ကောင်း လိမ့်မယ်လို့ မျှော်ရင်းသာ အိပ်မက်မက်တယ် ဒို့ပြည်သူလမ်း““

ကျွန်တော့် ကျောင်းဆရာ လစာလေးနဲ့ မလောက်တော့ ယောက္ခမခြံမှာ ကပ်ပြီး ကွမ်းရွက်ပင်စိုက်၊ ရာဘာလေး စိုက်၊ ကွမ်းပင်လေးစိုက် ပါတယ်။ (၄၂)မိုင်ဝေးတဲ့ ရငဲရွာကို သောကြာနေ့ ညနေပိုင်း သွားတယ်၊ တနင်္လာနေ့ အစောကြီးပြန် ပါတယ်။ လမ်းရဲ့မာယာကို ကျွန်တော် သိပ်သိပါတယ်။ ၄၂မိုင်ဝေး တဲ့ ခရီးကို (၃)နာရီ လောက်သွား ရတယ်။ အစောပိုင်း မသိသာပေမယ့် ကြာလာတော့ ရင်အောင့် လာတယ်၊ ခါးအောင့်လာတယ်။ ရောက်ရင် ၁/၂နာရီငြိမ်ပြီး နားနေ ရတယ်၊ မလှုပ်နိုင်တော့ဘူး။ ဆိုင်ကယ် ဆိုရင်လည်း မကြာခဏပြင်၊ အစိတ်အပိုင်းတွေလဲ ပေါ့ဗျာ။ မိုးအခါ ရေပြည့်နေတဲ့ ချိုင့်ထဲ ကျလို့ ဆေးခန်းရောက်ခဲ့ ဖူးတယ်။
 
ကျွန်ဝယ်ရာ အစစ်ပါတဲ့ ကျွန်တော့် တပည့်တွေနဲ့ ဆိုင်ကယ်စီးရင်း သီချင်းလေးညီးမိတယ်။
အိုး... တောင်ပိုင်းလမ်း၊ ထားဝယ်-ဘိတ်ကားလမ်း၊ အိုး..အိုး.. အိုး ရေး ကားလမ်း။ ကျွန်တော်လေ ရာဘာပေါ်ချိန် ကွမ်းသီး ခူးချိန်မှာ ရွှေလီရတနာ ကားကြီးနဲ့ ဘိတ်မြို့ဘက်သို့ အလည်တစ်ခါ သွားတယ် လမ်းတွေကဆိုး ချိုင့်တွေကပေါ ဇောချွေးကလေးများ ပြန်နေအောင် မောင်းတယ်၊ တစ်ခါတစ်လေ ကုန်ချိန်များလို့ လေးကျိုးခဲ့ရင် ရေပူမှာတောင် တစ်ထောက် နားအုံးမှာ၊ အိုး..တောင်ပိုင်းလမ်း၊ ထာဝယ်- ဘိတ်ကားလမ်း၊ အိုး.အိုး..အို ရေး ကားလမ်း လို့ စိတ်ဖြေ သီချင်းလေး ဆိုပါတယ်။

ခြေဗွေပါတဲ့ ကောင်ဆိုတော့ ဟိုရောက် ဒီရောက် ပေါ့ဗျာ၊ ရှင်မော်၊ ကံပေါက်၊ မေတ္တာ အသာထား ဘိတ်၊ တနင်္သာရီ၊ ပြည်ကြီး မဏ္ဍိာုင်၊ ရတနာပုံ အထိ ဆိုင်ကယ်စီးရင်း သွားဖူးတယ်။ နွေဆိုရင် ဖုန်း တထောင်းထောင်းနဲ့။  ကားကြီး ကားငယ်တွေ ကျော်ရင် ရပ်ထားလိုက်ရတယ်၊ ဆက်မောင်းလို့ မရတော့လို့။ မိုးဆိုရင် ဗွက်ထူလို့ လမ်းဘေးဆိုင်ကယ် လမ်းက မောင်းရတယ်၊ တစ်ချို့နေရာတွေ ဆိုရင် ခြံတွေထဲ  ရာဘာပင်တွေ၊ ကွမ်းပင်တွေထဲ ကနေ မောင်းခဲ့ဖူးတယ်။ ဘယ်ကရောက်လာမှန်း မသိတဲ့ သံထိုးလို့ ဘီးပေါက်ရင် သြော်... ပြည်ကြီးရှင်တွေ... ပြည်ကြီးရှင်တွေလို့ ဂါထာရွတ်တတ်ခဲ့ ပါတယ်။
 
ကျွန်တော်က ခေတ်ပျက်ကြီးထဲ လူဖြစ်ရတော့ အတွေး အခေါ်ပျက်၊ အတွေးအခေါ် ဟောင်းတွေဘဲ ရှိတာပါ။ ပြည်သူ ရွေးကောက် တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရလက်ထက် ရောက်တော့ ကျွန်တော်လည်း ဒီမိုကရေစီ အတွေးလေးတွေ တွေးတတ်လာ ပါတယ်။ ခေတ်မီအောင်လို့ပါ။ နိုင်ငံရေးကို နားမလည်ပါဘူး။ ကိုယ်ဖြစ်ချင်တာ လျောက်ပြောတာဘဲ သိပါတယ်။

ကိုယ်သွားတဲ့ လမ်းလေး မကောင်းတော့ ကောင်းချင်တာ ပေါ့ဗျာ။ လူဘဲ၊ အကောင်းကြိုက် တာပေါ့။ အချိန်လည်း သက်သာ၊ လူလည်း သက်သာ၊ ပစ္စည်းလည်း သက်သာကိုး။ ကျွန်တော် မှားရင်လည်း မှားမယ်။ မနှစ်က (၂၀၁၂-၂၀၁၃) လမ်း အတွက် ဘတ်ချက် ဘီလီယံ ၃၀ကျော်ရသတဲ့။ သန်းပေါင်း ၃၀၀၀၀ကျော်ပေါ့။ သိန်းနဲ့ တွက်ရင် ၃၀၀၀၀၀ကျော် ရှိတယ်။ ၀မ်းသာလိုက်တာ၊ ငါလမ်းကောင်းကောင်း သွားရတော့မယ်။ ကလေး တွက်နည်း အတိုင်း စိတ်တွက်လေး တွက်ကြည့်တယ်။ ၁မိုင် သိန်း၁၀၀၀ ကုန်မယ်။ မဟုတ်သေးပါဘူး၊ ငါက အင်ဂျင်နီယာမှ မဟုတ်တာ၊ မှားနိုင်တယ်၊ သူငယ်ချင်း အင်ဂျင်နီယာတွေလိုက် မေးကြည့်တယ်၊ မျိုးစုံကြား ရတယ်။ ပြီးတော့ ခေတ်ဆိုးကြီးရဲ့ အတွေ့အကြုံအရ ဟို ၁၀%၊ ဒီ၁၀%ိုတာလည်း သိထားတော့ ၁မိုင် သိန်း ၂၀၀၀ကုန်ကွာ ဆိုပြီး တွက်ကြည့်တော့ မိုင် ၁၅၀ လောက်ခင်းလို့ ရတယ်။ ပျော်လိုက်တာ။

ဟိုဟိုဒီဒီ ခရီးသွားရင်း လမ်းတွေလိုက်ကြည့် မိတယ်။ လမ်းတွေချဲ့၊ တောင်တွေဖြို ၊ ကျောက်တွေထုတ်၊ လမ်းလုပ်သားတွေ အများကြီး ၀မ်းသာ လိုက်တာဗျာ၊ ကျေးဇူးတင်လိုက်တာ၊ လုပ်ရင်းနဲ့ မိုးကျလာတယ်။ လုပ်ငန်း အများစု ရပ်သွားတယ်။ မလွဲတောင်မှာ လမ်းတွေကျယ် သွားတယ်၊ ဘို့တောင်မှာ လမ်းတွေ ကျယ်သွား တယ်။ မေတ္တာဘက် သုံးထပ်ကွေ့၊ ၂၅မိုင် အတက်တွေမှာ လမ်းတွေ ကျယ်သွားတယ်၊ ဗွက်တွေထ သွားတယ်၊ ချောင်းတွေနောက် သွားတယ်။ ခြံတွေ မြေအောက်ရောက် သွားတယ်။ မိုးတွင်းမြေတွေပြို လာတယ်။ လောင်းလုံးဘက် ရောက်တော့ တသက်လုံးဖြောင့် နေတဲ့လမ်း တံတား အသစ်ဆောက်လို့ ကောက်သွား လေရဲ့။ တော်လိုက်တာ၊ ဆုပေးသင့်တယ်လို့ အကြံပေးချင်လိုက် မိတယ်။
သိပ်တော်တဲ့ လူတွေပါ။ လမ်းခင်းဖို့ကျောက် အဝေးကြီး သွားရှာစရာ မလိုပါဘူး။ လမ်းဘေး ကပ်နေတဲ့ ရေတံခွန်တွေ ဘ၀တစ်ပါးပြောင်း သွားတယ်။ မိုင်းခွဲမယ်လို့ ပြောပြီး လမ်းပိတ် မိုင်းခွဲလေရဲ့၊ အမိန့်အရ ဆိုတော့ ကျွန်တော်တို့ ပြည်သူက ရပ်စောင့်ပေါ့ဗျာ။ 

မြို့ထဲမှာ လမ်းလေးတွေ ကောင်းလာလို့ ၀မ်းသာနေတုန်း တံတားတွေ လုပ်လေရဲ့၊ ပြီးတော့ ဒီအတိုင်းထား ခဲ့တယ်။ စဉ်းစား မရတာက လမ်းလုပ်တုန်းက မပါဘူးလား၊ တစ်ခါတည်း လုပ်လိုက်ရင် တံတားလည်းကောင်း၊ လမ်းလည်း ကောင်းမှာ။ အခု မောင်းမကန်လမ်း လုပ်နေပြန်ပြီ၊ အမိန့်အရ ဆိုတော့ လုပ်ချင်သလို လုပ်တာပါဘဲ။  နယ်စပ် ဂိတ်တွေဖွင့်တော့ ကောင်းတာပေါ့ ၊ လမ်းက ကြားတော်မူတဲ့ အတိုင်းပါဘဲ။ 

မောတောင်လမ်းကို ကန်ထရိုက်ယူပြီး မလုပ်နိုင်လို့ ယိုးဒယားကို အပ်တယ်။ ဒီအတွက် ယိုးဒယားကို မြေဧက ၄၀၀၀၀ ပေးရ သတဲ့။ တစ်ဦးဆို ဧက ၅၀၀၀၀ လို့တောင် ပြောတယ်။  အခု ၂၀၁၃-၂၀၁၄မှာ ဘတ်ချက် ဘယ်လောက်ရတယ် မသိရပါဘူး။ မိုးကုန်ပါတော့မယ်။ လမ်းတွေ ခင်းကြပါအုံးမယ်။ ကျွန်တော်တို့ အိပ်မက်တွေ ဖြစ်/ မဖြစ်ကြည့်ရအုံး ပါမယ်။ မာယာ များလှတဲ့ လမ်းအကြောင်း ထဲက အဖြစ်အပျက် တစ်ချို့ဖြစ် ပါတယ်။

ဆရာဇော် ရေးသားသည်။

0 comments: