Wednesday, October 9, 2013

ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦးမှ ဆိုင်ကယ်လိမ်ပြေးမှုတစ်ခု မြိတ်မြို့၌ ဖြစ်ပွား


ဗိုလ်ကြီး အယောင်ဆောင်တစ်ဦးမှ ဆိုင်ကယ် လိမ်လည်ပြေးမှုတစ်ခုကို မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင် အရှေ့) ဆိုင်ကယ် အငှားယာဉ်ဂိတ်၌ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်အမျိုးအစား Wave @ 100 အဖြူရောင် (ဗီယက်နမ်)၊ ဆိုင်ကယ်လိုင်စင် ၂၃ယ/------- ဖြင့် အငှားယာဉ် (Taxi) မောင်းနှင်သူ တစ်ဦးဖြစ်သည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အေးချမ်း သာယာရပ်နေ ဦး---------- သည် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင်အရှေ့)ရှိ ဆိုင်ကယ်အငှားယာဉ် (Taxi) ဂိတ်၌ ဆိုင်ကယ် ရပ်နားထားစဉ် ကြံတော လမ်းဆင်း တစ်နေရာမှ စစ်တပ်ဝတ် အစိမ်းနက်ရောင် ဘောင်းဘီကို ၀တ်ဆင်ထားပြီး အစိမ်းနက်ရောင် အင်္ကျီကို ပုခုံးတွင် တင်ထားသည့် အမည်မသိသူ တစ်ဦးမှ လှမ်းခေါ်၍ သွားရောက်သည့်အခါ ထိုအမည်မသိသူမှ စစ်တိုင်းထဲသို့ သွားလိုသည်ဟု ပြောကြားသဖြင့် ဆိုင်ကယ်ပိုင်ရှင်မှ မောင်းနှင်ပို့ဆောင်ခဲ့သည်။

ထိုသို့မောင်းနှင်လာစဉ် အမည်မသိသူမှ အလှူ တစ်ခုပြုလုပ်ရန် ရှိသည်ဟုပြောကြားကာ မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောရကျောင်း လမ်းဆုံအနီး (၁၈ တောင်ဘုရား)၊ တောင်သာယာ ဘုန်းကြီးကျောင်းသို့ မောင်းနှင်စေခဲ့ပြန်သည်။ ဘုန်းကြီးကျောင်းသို့ရောက်ရှိသည့် အခါ အမည်မသိသူမှ ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားပြီး ဆရာတော်အား အလှူ တစ်ခုပြုလုပ် လိုသည်ဟုပြောကြားကာ အလှူပြုလုပ် မည့် နေ့ရက်များကို ညှိနှိုင်း ပါသည်။




ထိုနောက် ဘုန်းကြီးကျောင်းရှိ အခန်းတစ်ခန်းထဲသို့ ၀င်သွားပြီး ပုခုံးတွင် တင်ဆောင်လာသည့် ဗိုလ်ကြီး အဆင့်ရှိ စစ်အင်္ကျီကို ၀တ်ဆင်၍ ပြန်ထွက်လာကာ ဆရာတော်အား ဘုရားကိုးဆူ၌ သင်္ကန်း (၅)စုံနှင့် ပန်းခြင်း (၂)ခြင်း သွားရောက်ယူရန် အတွက် ကျောင်းရှိ ဘုန်းကြီး တစ်ပါးမှ လိုက်ပါစေ လိုကြောင်း ပြောကြားသဖြင့် ဆရာတော်မှ ဘုန်းကြီးတစ်ပါးအား လိုက်ပါစေခဲ့သည်။

ဗိုလ်ကြီးဆိုသူမှ ဆိုင်ကယ်ပိုင်ရှင်အား ဘုန်းကြီးကျောင်းတွင် ကျန်ရစ်စေခဲ့ပြီး ဘုန်းကြီးတစ်ပါးအား ပင့်ဆောင်ကာ မောင်းနှင် ထွက်ခွာသွားခဲ့သည်။ မိနစ် (၃၀)ခန့် ကြာသည့်အခါ လိုက်ပါသွားသည့် ဘုန်းကြီးမှ ကျောင်းရှိ ဆရာတော်အား ဖုန်းဖြင့်ခေါ်ယူ၍ စစ်ဗိုလ် ဆိုသူသည် မိမိအား တောရကျောင်းလမ်းဆုံ (၁၈)တောင် ဘုရားအနီးရှိ ဓာတ်ဆီဆိုင်တွင် ထားရစ်ခဲ့ပြီး ပစ္စည်းများ တင်ဆောင်ရန် အတွက် ကားသွား ယူမည်ဟုပြောကြားပြီး ထွက်သွားခဲ့ရာ ယခုထိပင် ပြန်ရောက် မလာသေးကြောင်း ပြောကြားခဲ့သည်။

ထိုအခါမှပင် ဗိုလ်ကြီး အယောင်ဆောင်သူသည် ဆိုင်ကယ် လိမ်ပြေးသွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာသို့ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူ များမှ ဗိုလ်ကြီး အယောင်ဆောင် ဆိုင်ကယ် လိမ်ပြေးသူအား လိုက်လံရှာဖွေ စုံစမ်းလျှက်ရှိကြောင်း သိရှိသည်။

ထိုဗိုလ်ကြီး အယောင်ဆောင် ဆိုင်ကယ် လိမ်ပြေးသူသည် ယခုကဲ့သို့ အလားတူသည့် ဆိုင်ကယ် လိမ်လည်မှုမြောက်များစွာကို မြိတ်မြို့နယ် အပါအ၀င် မြိတ်ခရိုင်ရှိ မြို့နယ်များတွင် လှည့်ပတ် လိမ်လည်နေသူ တစ်ဦးဖြစ်ပြီး ယခုအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း သိရှိရသည်။

0 comments: