Thursday, October 24, 2013

ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်




တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျှက်ရှိသော ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သည် အောက်တိုဘာလ (၂၂) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွန်းရတနာ ခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ ပြည် ထောင်စု ၀န်ကြီးက ၂၀၁၅ ခုနှစ် အတွင်း ဆင်းရဲမှု ရာခိုင်နှုန်း (၂၆%)မှ (၁၆%) သို့ လျော့နိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက် နေကြောင်း၊ ပြည်သူ ဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းဖြင့် အဂ္ဂမဟာဗျူဟာ နည်းလမ်းငါးခု အသုံးပြုကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အကောင် အထည်ဖော် ဆောင် ရွက်သွားရေး အတွက် မဟာဗျူဟာများ ရေးဆွဲ အကောင် အထည် ဖော်ဆောင်ရွက် နေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက် လူငယ်စွမ်းအားများ ဖွံ့ဖြိုးရန် လိုအပ်ပြီး ၄င်းတို့မှ တဆင့် မိမိတို့ရပ်ရွာ၏ အဓိက လိုအပ်ချက် အခြေခံ အဆောက်အအုံများကို စာရင်း ဇယား မှန်ကန် တိကျစွာ ကောက်ယူ၍ ကျေးလက် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင် များမှ မြို့နယ်၊ တိုင်း အဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက် သွားမှသာ မိမိတို့ရပ်ရွာဒေသ လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


 
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးကပြောကြား ရာတွင် ကမ္ဘာ့ဘဏ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနှုန်း တိုင်းတာချက် အရ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေတစ်ခု အဖြစ် ပါဝင်နေကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများတွင် အဓိကအရေးကြီးဆုံးမှာ မီးလင်းရရှိရေးနှင့် သန့်ရှင်းသော သောက်သုံး ရေရရှိရေးပင်ဖြစ်ကြောင်း၊ ပင်လယ်ရေနှင့် ထိစပ်နေသည့် ဒေသများဖြစ်သည့် အတွက် ရေငံမှ ရေချိုရရှိရေး ဆောင်ရွက်ရန် ပြည်တွင်း၊ပြည်ပမှကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေး သွားရန် လိုအပ်ကြောင်း၊ ကျွန်းစုမြို့နယ် များဖြစ်သည့် အတွက် စိုက်ပျိုးရေးဖြင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရန် အခြေအနေမပေးသည့် ဒေသများ ဖြစ်သဖြင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် အထူး သင့်လျော်ပါကြောင်း၊ ဒေသတွင်းရှိ မြစ်ကြောင်းဝအတွင်း တရားဝင် သဲစုပ် လုပ်ငန်းရှင်များမှ အထိန်းအကွပ် မရှိ သဲစုပ်ယူခြင်းကြောင့် ဂေဟစနစ်ပြောင်းလဲလာပြီး သဘာဝ ရေသယံဇာတများ ပျက်စီးလာသည့် တွက် ရေသတ္တ၀ါများ ကျင်လည်ကျက်စားမှု လျော့နဲကာ ရေလုပ်သားများ၏ ငါးဖမ်းဆီးရမိမှုနည်းပါးလားခြင်း၊ ကမ်းစပ် သောင်ပြင်များ ပျက်စီးယိုယွင်းလာသည်ကို တွေ့ရကြောင်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသည် ရေပတ်လည်  ၀န်းရံလျက်ရှိနေ၍ မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ရန် အနုဇီဝလုံခြုံမှု (Bio Security)ရှိသည့် အတွက် နို့စားနွား၊ ခိုင်းနွား၊ ၀က်မွေးမြူရေး လုပ်ငန်းများ စီးပွားဖြစ် ဆောင်ရွက်ရန် အထူး သင့်လျော်ပါကြောင်း၊ Livestock Bank များ ထူထောင် ပေးသွားခြင်း အားဖြင့် ဒေသခံ ရွာသူရွာ သားများမှ မျိုးကောင်း မျိုးသန့် တိရိစ္ဆာန်မျိုး များအား အကြွေး စနစ်ဖြင့် မွေးမြူသွားနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ကျောင်းသား လူငယ်များအား နေ့စဥ်နွားနို့ သောက်သုံးနိုင်စေရေး အတွက် အိမ်တိုင်းတွင် နို့စား နွားးမွေးမြူသွားရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းမူးယစ်ဆေးဝါး၊ ဒုစရိုက်မှုနှင့် လောင်းကစား ကင်းစင်သွားမည် ဆိုပါက မိမိတို့ ကျေးရွာများ လျင်မြန်ထိရောက်စွာ တိုးတက် လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကွင်းဆင်း အဖွဲ့တွင် လိုက်ပါ လာသည့် တာဝန်ရှိသူများက သား/ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာရေး အတွက် ပံ့ပိုးဖြည့်ဆည်း ပေးနိုင်မှု အခြေအနေများအား လည်းကောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးမှု များအား ပြန်လည်ပြုပြင် ဆောင်ရွက်ရေး၊ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးရေး အတွက် အသေးစား လက်မှုလုပ်ငန်းများ ထူထောင်ပေးရေးနှင့် တစ်ဦးချင်း ၀င်ငွေတိုးတက်ရရှိရေး စီစဉ်ဆောင်ရွက်ပေးနိုင်မှု များအား ရှင်းလင်း ဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စု ၀န်ကြီးသည် ကတ္တလူကျေးရွာနှင့် ကမ်းကြီးကျေးရွာတို့မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အခြေခံ အဆောက်အအုံ လိုအပ်ချက် တင်ပြမှုများ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဒေသခံ ရွာသူ/ ရွာသားများအား ပန်းပေါင်းစုံ ဘုရား ဆင်းတုတော်၊ SkyNet ရုပ်သံ ဖမ်းစက်နှင့် အသုံးအဆောင် ပစ္စည်းများပေးအပ် လှူဒါန်းကာ ကျွန်းစုမြို့နယ် အတွင်း ကျေးရွာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မွေးရေ/ ကျေးလက်

0 comments: