Thursday, October 10, 2013

တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီး မြိတ်ဒေသရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ အလုပ်သမားရေးရာ ကိစ္စရပ်များ ကွင်းဆင်း ဆောင်ရွက်


တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီး ဦးသိန်းလွင် သည် အောက်တိုဘာလ (၉) ရက် နံနက်(၉း၃၀)နာရီတွင် မြိတ်မြို့နယ် အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ နှင့်အတူ မြိတ်ဒေသရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ အလုပ်သမား ရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီးနှင့် မြိတ်မြို့နယ် အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့သည် အေအက်စ်ကေ အက်ဒန်မန် အအေးခန်းစက်ရုံနှင့် အဆောင်ကောင်း ကုပ္မဏီ အအေးခန်း စက်ရုံများသို့ သွားရောက်၍ အအေးခန်း စက်ရုံအတွင်းရှိ လုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်လျက် ရှိသော အလုပ်သမားများနှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာ ကိစ္စရပ်များ ကို မေးမြန်းခဲ့သည်။


ယင်းနောက် အအေးခန်းစက်ရုံ အစည်းအဝေးခန်းမတွင် အအေးခန်းစက်ရုံ အတွင်းရှိ ဌာနအသီးသီးမှ အလုပ်သမားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီး ဦးသိန်းလွင်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသည် စက်မှုလုပ်ငန်းများ တိုးတက်လာပြီး အလုပ်သမားဦးရေ တိုးတက် များပြားလာကာ လုပ်ငန်းခွင် အေးချမ်း တည်ငြိမ်ရေးနှင့် အလုပ်ရှင် အလုပ်သမား ပြသနာများ မဖြစ်ပွားရအောင် အလုပ် စတင်ဝင်ကတည်းက အလုပ်ရှင် များဘက်မှ လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ၊ အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့်အညီ အလုပ်သမားများ အတွက် ဘ၀ အာမခံချက်ရှိရေး အတွက် အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ခံစားပိုင်ခွင် သဘောတူစာချုပ်များ ချုပ်ဆိုကြရန်လိုအပ်ကြောင်းနှင့် အလုပ်သမား များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး၊ စက်ရုံအလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည် နိုင်ငံတိုးတက်ရေး အတွက် များစွာ အထောက် အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက် လာကြသည့် မြိတ်မြို့နယ် အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့မှ ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားခဲ့ကြသည်။ ထိုနောက် တက်ရောက် လာကြသူများက သိလိုသည်များ မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွား/ စီမံ ၀န်ကြီးနှင့် မြိတ်မြို့နယ် အလုပ်သမား ရေးရာ ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့သည် ဗဲင်(န်)းတေ့(ခ်ျ) ကုပ္မဏီ၊ ပြည့်ဖြိုးထွန်း ကုပ္မဏီ၊ ကောင်းကောင်း ကုပ္မဏီများသို့ သွားရောက်၍ လုပ်ငန်းခွင်တွင် အသီးသီးတွင် အလုပ်လုပ် ကိုင်လျက်ရှိသော အလုပ်သမားများနှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာ ကိစ္စရပ်များကို မေးမြန်း ခဲ့ကြပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

IPRD MYEIK

0 comments: