Saturday, October 26, 2013

လမ်း၊ ကျောင်း၊ တံတား၊ ဆေးရုံစသည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ပုဂ္ဂိုလ်ရေးကို ရှေ့တန်း မတင်ဘဲ လုပ်ငန်း အာမခံချက် ရှိသည့် လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့် ပေးသင့်



လမ်း၊ တံတား၊ ဆေးရုံစသည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ အကျိုးအမြတ် အနည်းငယ်သာ ကြည့်ပြီး လုပ်ငန်းအာမခံချက်ရှိသည့် လုပ်ငန်းများသာ လုပ်ကိုင်ခွင့် ပေးသင့်ကြောင်း အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ထောက်ပြပြောကြားသည်။

 အမျိုးသား လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်း၏ ပဲခူးတိုင်း ဒေသကြီး နတ္တလင်း မြို့နယ်၊ နတ္တလင်း- ဒမငယ်- တောင်ညိုလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်း အပေါ် တိုင်းကြားချက် အရ အမျိုးသား လွှတ်တော် ပြည်သူ့ငွေ စာရင်း ကော်မတီ ၏ လေ့လာစိစစ် တွေ့ရှိချက် အစီရင်ခံ စာတွင် ဖော်ပြထားသော လေ့လာ စိစစ် တွေ့ရှိချက် သုံးသပ် ချက်များ အပေါ် အရေးယူ ပြုပြင် လိုက်နာ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ဦးအောင်ချိုဦး က ထောက်ခံ ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နတ္တလင်း- ဒမငယ်- တောင်ညိုလမ်း ကျောက်ချော လမ်းအား ခင်းကျင်းရန် အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ တင်ဒါ စနစ်ဖြင့် ရွေးချယ်ခဲ့ရာ ယင်းလမ်း အပါအ၀င် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့ပေါင်း ၁၁ မြို့မှ ကျေးလက် တံတားများ တည်ဆောက်ရန် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော ရွှေလွင်လွင် ကုမ္ပဏီအုပ်စုမှ တင်ဒါရရှိခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ကြိုတင်အာမခံငွေ သွင်းရာ၌ လျော့နည်း သွင်းထားခြင်း၊ သတ်မှတ်ကာလ၌ လုပ်ငန်း မပြီးဆုံးခြင်း၊ လုပ်ငန်း မပြီးဆုံးသော်လည်း ကုမ္ပဏီ အနေဖြင့် ထုတ်ယူထားမှု ငွေပမာဏ သတ်မှတ်အရစ်ကျ ထုတ်ယူမှုထက် များပြားနေခြင်း၊ ၀န်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှု အားနည်းချက် စသည် တို့ကို အစီရင်ခံစာ၌ ဖော်ပြပြီး အဆိုအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အစီရင်ခံစာပါ နတ္တလင်း - ဒမငယ်- တောင်ညိုလမ်းနှင့် အခြား တံတားများ တည်ဆောက် ထားမှုကို မြေပြင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည့် အခြေအနေ များအား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ဓာတ်ပုံမှတ်တမ်း များနှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး ကုမ္ပဏီ သက်ဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် စက်တင်ဘာ လကုန်ပိုင်းတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်း ခင်းပေးမည်ဟု သဘောတူ ထားသော်လည်း စက်တင်ဘာ လကုန် ပိုင်းတွင် သွားရောက် ကြည့်ရှု စစ်ဆေးချက်အရ လုပ်ငန်းမပြီးဆုံး သေးကြောင်း ဦးအောင်ချိုဦးက ဆိုသည်။

ထို့ပြင် ကွင်းဆင်း စစ်ဆေးချက်အရ ကုမ္ပဏီ အနေဖြင့် ယခင် ခေတ်ဟောင်း လို ဆောင်ရွက်နေခြင်း ဖြစ်ပြီး ခေတ်ပြောင်း သည်ကို မသိတာလား (သို့မဟုတ်) မေ့နေသလား ဆိုတာ စဉ်းစား စရာ ဖြစ်ကြောင်း၊ အစီရင်ခံစာ အရ လုပ်ငန်း တကယ် မပြီးဆုံးဘဲ ကုမ္ပဏီသို့ ငွေများ ထုတ်ပေး ထားမှုသည် ၀န်ကြီးဌာန၏ အဆင့်ဆင့်သော ပုဂ္ဂိုလ်များ၏ အားနည်းချက်ကြောင့်ဟု ထင်မြင် မိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ပြောကြားသည်။

''အဲဒါကြောင့် ယခုလို နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အမြောက် အမြားနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေရဦးမှာ ဖြစ်လို့ ဒီလို ကုမ္ပဏီမျိုးကို နောက်နောင် ထပ်မံလုပ်ငန်းတွေ ချထားပေးခြင်းမျိုး မပြုလုပ်ရန်နဲ့ ယခုနှစ် ရန်ပုံငွေ များကိုလည်း ဆက်လက် သုံးစွဲကြရမယ့် လုပ်ငန်းတွေ ဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံစတဲ့ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ မှန်မှန် ကန်ကန် ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်း မတင်တဲ့ တိုင်းပြည် အကျိုးအတွက်ကို အကျိုးအမြတ် ကလည်း ရကို ရရမယ်။ အကျိုးအမြတ် နည်းနည်းပဲ ကြည့်တတ်တဲ့ စွမ်းအားပေး နိုင်တဲ့ စက်ယန္တရား အာမခံချက် အစရှိသဖြင့် လုပ်ငန်းတစ်ခု အတွက် ပြီးပြည့်စုံနိုင်တဲ့ အာမခံချက်ရှိတဲ့ လုပ်ငန်းရှင်တွေကို တင်ဒါစနစ်မှာပေးဖို့ တင်ပြလိုပါတယ်။ အလားတူပဲ စာရွက်ပေါ်က အာမခံချက်တွေ၊ စက်ပစ္စည်းတွေ၊ လူအင်အားတွေ ငွေကြေးတွေ ဒါတွေကိုပဲ ကြည့်ပြီးတော့ ပေးမယ်ဆိုရင် ဒီအခြေအနေမျိုးတွေဟာ ဆက်လက်ပေါ်ပေါက်ဦးမှာ ဖြစ်ပါတယ်'' ဟု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ပြောကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျံလွင် ကလည်း ၎င်း၏ မဲဆန္ဒနယ် အတွင်းရှိ လမ်းခင်းကျင်း နေမှုများအား တင်ပြ၍ အချက်သုံးချက် ဖြစ်သော အမြတ်အစွန်း တစ်ခုကိုသာ ကြည့်ရှုဆောင်ရွက် လုပ်ဆောင်ခြင်း၊ ဌာနဆိုင်ရာများနှင့် နားလည်မှု ရယူခြင်းကြောင့် ပြည်သူများ နစ်နာရခြင်း၊ ပြည်သူလူထု တင်ပြချက်အပေါ် လမ်းခင်းရန် တာဝန်ယူထား သူများက ဂရုမစိုက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများ နစ်နာရခြင်းတို့အား ရှင်းလင်းပြောကြား ၍ ထောက်ခံ ဆွေးနွေးသည်။

ယခင်က အဆိုများအား လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ပြည်ထောင်စု အဆင့် ၀န်ကြီး များက လာရောက် နားထောင်၍ ဆွေးနွေးမှု အပြီး ၎င်းတို့ သဘောထား ပြောကြားကာ အဆိုအား အတည်ပြုသင့်၊ မသင့် လွှတ်တော်က ဆုံးဖြတ်သော်လည်း အမျိုးသား လွှတ်တော် နည်း ဥပဒေကို ပြင်ဆင် သည့် နည်းဥပဒေ(င) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်မှ အဆို တင်သွင်းရက် မပါ ၂၁ ရက် အတွင်း ပြန်လည် ရှင်းလင်းနိုင်သည့် အတွက် ယခုအဆို ဆွေးနွေးစဉ်၌လည်း လွှတ်တော်သို့ လာရောက်ခြင်း မရှိသောကြောင့် အဆိုနှင့် စပ်လျဉ်း၍ ၂၁ ရက် စောင့်ဆိုင်းကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

eleven media

0 comments: