Tuesday, October 15, 2013

တနင်္သာရီမြို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ ကျင်းပ



တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက် သောင်ဖြူ ရေဆိပ်တွင်ရှေးဟောင်း ယဉ် ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေယဉ်ကျေးမှု ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သက်တော်ရှည် ချောင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဒီပ ၏ မိန့်ကြားချက် အရ အောက်တိုဘာ (၁၁) ရက် နံနက် (၇း၃၀)နာရီ မင်္ဂလာအချိန် တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ အခမ်း အနား ကျင်းပ ခဲ့သည်။

 
ရှေးဦးစွာ ချောင်းကြီးကျောင်းတိုက် အတွင်းထား ရှိသော မြလုံးနောင် နဂါးလှေတော် ဦးခေါင်းအား ဆရာ တော် မှ အမွှေးနံ့သာများ ပက်ဖြန်း လျက် မေတ္တာ ပို့သပေးပြီး နဂါးလှေတော်၏  ဖွဲ့စည်းပုံဖြစ်သော မင်္ဂလာ ဦးပေါက်/ မင်္ဂလာလည်ရွှဲ့/ ငွေမောင်း/ သျှာတက်ကိုင် (ပဲ့နင်း)/ ပဲ့မန်စွယ်နှင့် လှေတော်သားများနှင့် အရပ်ဝင် ကာလသားများ စုပေါင်း၍ ကျောင်းတိုက် မှ သောင်ဖြူရေဆိပ်သို့ သယ်ယူကြပြီး မြစ်ရေထဲသို့ ညီညွှတ်စွာ တပြိုင်နက် ချပေး ကြသည်။

ထို့နောက် လှေတော်၏ ဖွဲ့စည်းပုံ အတိုင်း မျိုးစက်သစ် လူငယ်များက နေရာ ယူကြကာ မြလုံးနောင် နဂါး လှေတော်အား ချောင်းကြီး-ချောင်းငယ် မြစ်နှစ်သွယ် အတွင်း ဧစာသီချင်း သံပြိုင်ဟစ်ကြွေးလျက် သရုပ်ပြ စတင် လှော်ခတ်လေ့ကျင့် ကြသည်။

နဂါးလှေတော်အား ယခုကဲ့သို့ ရေချ လှော်ခတ် လေ့ကျင့်ရခြင်းမှာ ချောင်းကြီး ကျောင်းတိုက်တွင် နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် (၄)ရက်ရောက်တိုင်း ကျင်းပမြဲဖြစ်သည့် မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ သည့်နေ့တွင် သစ်သား တစ်လုံး တည်းကိုသာ ခက်ခက်ခဲခဲ ထွင်းထုထားသော မြလုံးနောင်/ မကြီးအောင်/ စိန်ပန်း သွယ်/ ပတ္တမြားသွယ်/ ရန်ကြီးအောင် စသည့် နဂါးလှေတော် ငါးစင်းသည် ဗျန်စက္ကပိတ်မင်း လက်ထက် ကောဇာ သက္ကရာဇ် (၅၁၅) ခုနှစ်က စတင်ခဲ့သည့် နဂါးကပ် (ယခု-န၀ဒတ်)တောင် စေတီနှင့် ရှေးဟောင်း ဘုရား ပုထိုးစေတီများ၊ ဆရာတော် သံဃာတော်များအား ချောင်းကြီး-ချောင်းငယ် မြစ်နှစ်သွယ် အတွင်း လင်္ကျာရစ် လှည့်လည် အလှပြ လှော်ခတ်ပူဇော်ရန် အတွက် ကြိုတင် ပြင်ဆင်လေ့ ကျင့်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် မြလုံးနောင် နဂါးလှေတော်တွင် (၁၄)ဦးလှော်ခတ်ပြီး ကျန်နဂါးလှေ (၄)စီးသည် တစ်စီးလျှင် (၄၂) ဦးစီ် လှော်ခတ်ကြမည်ဖြစ်ပြီး နဂါးလှေယဉ်ကျေးမှုကို ထိန်းသိမ်းရာတွင် စံနမူနာပြုထိုက်သော ဆရာတော် ဦးဝိသုဒ္ဒနှင့် အရှင်အာဒိစ္စတို့ ဦးစီးဦးဆောင်သည့် တနင်္သာရီမြို့နယ်- လယ်သစ်အနောက်ရွာမှ နဂါး လှေတော်များ ဖြစ်သည်။

ယခုနှစ် နဂါးလှေ အလှပြ လှော်ခတ် ပူဇော်ပွဲ အခမ်းအနားကို ၁၃၇၅-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက် (23-10-2013) ဗုဒ္ဓဟူးနေ့ နံနက် (၇)နာရီတိတိ အချိန် ချောင်းကြီးရပ်ကွက်-တာရိုးလမ်း ဦးကျော်ဝင်း သစ်စက် ရေဆိပ်တွင် ကျင်းပမည်ဖြစ်သဖြင့် ရပ်ဝေးရပ်နီးမှ Media သမားများနှင့် ရှေးဟောင်းယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး စိတ်ဝင်စားသူ မိဘပြည်သူ ညီအစ်ကို မောင်နှမများအား လာရောက် လေ့လာကြပါရန် ဆရာတော် နှင့်တကွ ရပ်မိရပ်ဖများက နှိုးဆော် ဖိတ်ခေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

Iprd Myeik

0 comments: