Monday, May 27, 2013

ပုလဲတွေနဲ့ အတူ ကမ္ဘာတလွှား နာမည်ကြီးတဲ့ မြိတ်(ခေါ်)ဘိတ်မြို့ သို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်က ..


မြန်မာနိုင်ငံ တစ်ဝှမ်း နာမည်ကြီးလှတဲ့ ဘိတ်ငါးပိ၊ ဘိတ်ပုလဲနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ငှက်သိုက်ထွက်ရာ ဒေသ၊ ကြီးကျယ်တဲ့ငါးဖမ်းလုပ်ငန်း၊ ရာဘာ လုပ်ငန်း တွေနဲ့ ချမ်းသာတဲ့ ဘိတ်မြို့ကို အဲယား မန္တလေး လေယာဉ်စီးသွားဖို့ လေယာဉ်ကွင်း ချိန်းစောင့်ရင်း ထားဝယ်မှာ နေ့လည်စာ ထမင်းစား ကြ ပါတယ်။ ထားဝယ်မှာ ထမင်းစား တဲ့အခါတိုင်း နာမည်ကျော်ထားဝယ်ဒူးရင်းသီးနဲ့ ဧည့်ခံခဲ့တဲ့ ဆိုင်ရှင်အစ်မကြီးကြောင့် ကိုယ်ကြိုက်တဲ့ ဒူးရင်းသီးနဲ့ အမြဲစားခဲ့ရတာကို ဒူးရင်းသီး စားမိချိန်တိုင်း အမှတ်တရ ရှိနေမိပါတယ်။






ကျွန်းပတ် လေယာဉ်ခရီးစဉ်
ရွှေနိုင်ငံလို့ တင်စား ခေါ်ဝေါ်ကြတဲ့ မြန်မာပြည်မှာ ရွှေဝယ် ဒေသခံတွေက ကျွန်းပတ် လို့ ခေါ်တဲ့ အကြောင်းလေး ကြားဖူးကြမယ် ထင်ပါတယ်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရီးစဉ်ကို မလာခင် က ကျွန်းပတ် ဆိုတာ ကြားသာ ကြားဖူးတာ ဘာကို ဆိုလိုမှန်း တိတိကျကျ မသိခဲ့ပါ ကော့သောင်းမှာ ၁၀နှစ်လောက် နေနေတဲ့ ညီမလေး တစ်ယောက်က လေယာဉ်စီးခါနီးတိုင်း ကျွန်းပတ်အကြောင်း ပြောနေပေမဲ့ ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်တော့ မစပ်စုမိခဲ့ပဲ၊ ကိုယ်တိုင် ဒီခရီးသွားရတော့မယ် ဆိုတော့မှ ရုံးထုံးစံအတိုင်း trip itinerary ခေါ် ခရီးစဉ်အကြမ်း ရေးဆွဲရတော့မှ ရန်ကုန်က ထွက်တဲ့ လေယာဉ်ဟာ ရန်ကုန်ကနေ ထားဝယ်မှာ တစ်ခါရပ်၊ ခရီးသည်ချ၊ မြိတ် (သို့) ကော့သောင်းသွားမယ့် ခရီးသည်တင်၊ မြိတ်မှာ တစ်ခါရပ်၊ ခရီးသည်ချ၊ ကော့သောင်းကို လိုက်ကြမယ့် ခရီးသည်တင်ပြီး၊  ကော့သောင်း အရောက်မှာ အသွား ခရီးစဉ် တစ်ကြောင်းပြီးဆုံးပါတယ်။  



တစ်ခါ ဒီလေယာဉ်ပဲ ကော့သောင်းကနေ မြိတ်၊ထားဝယ်-ရန်ကုန် ခရီးသည်တင်ပြီး ပြန်မယ်ထင်တာ မဟုတ်သေးဘူး၊ မြိတ်မှာ တစ်ခါရပ် တစ်ခါတင်၊ ထားဝယ်မှာ နောက်တစ်ခါရပ် တစ်ခါတင်နဲ့ ရန်ကုန်အထိ ပျံသန်းတဲ့ ခရီးစဉ်ကို ကျွန်းပတ်တယ်လို့ ခေါ်ကြတာပါ။  အဲဒီတော့ ရန်ကုန်ကနေ ကော့သောင်း သွားမယ့် ခရီးသည်ဟာ ပိုက်ဆံမပေးရပဲ လမ်းခရီးမှာ  ထားဝယ်မှာ တစ်ခါ၊ မြိတ်မှာတစ်ခါ၊  Bus ကားတွေ မှတ်တိုင်မှာ  ရပ်သလို ရပ်တာ၊ လူတင်တာကို သူတို့က ကျွန်းပတ်တယ်လို့ခေါ်ကြတာကိုး၊ ကိုယ်တွေ့ကြုံမှ သိလိုက်ရတာ အံ့သြကုန်နိုင်ဖွယ်ပါလား။ 
အင်းလေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ တနင်္သာရီတိုင်း အတွက်ကတော့ လေယာဉ် ခရီးစဉ်ဆိုတာ ကျွန်းပဲ ပတ်ပတ် ဘာပဲ ပတ်ပတ် စီးရဖို့သာ အဓိက ပိုက်ဆံပဲပိုပေးရ ပေးရ မြန်မြန်ရောက်ရင် မြန်မြန် ပိုက်ဆံရှာလို့ရတယ် ဆိုပြီး စီးနေခဲ့ကြရတာကိုး။ ဘာပဲဖြစ်ဖြစ် ထားဝယ်ကနေ ထွက်ပြီး မိနစ်၂၀အတွင်း မှာတော့ မြိတ်ကို ရောက်လာ ပါတယ်။ ဆရာသမားတစ်ယောက်ရဲ့ လက်သုံးစကားအတိုင်းပြောရမယ် ဆိုရင် အမှတ်မမှားဘူးဆိုရင်တော့  အချိန်အတိုဆုံးနဲ့ အမြန်ဆုံး ပြည်တွင်းလေယာဉ် ခရီးစဉ်ပါပဲ။

 
နေ့လည် (၂)နာရီလောက်မှာ မြိတ်ကိုရောက်၊  ပုံပါအတိုင်း အမြင်မှာ အရမ်းလှနေပေမဲ့ နှစ်တော်တော် ကြာနေပြီဖြစ်တဲ့ မြိတ်ဟော်တယ်မှာ check in  လုပ်၊ အလုပ်ကိစ္စတွေ ရှင်းပြီး၊ ညနေ(၅)နာရီလောက်မှာ စိတ်ဝင်စားစရာ ဘိတ်မြို့ အလည်အပတ် ခရီးစဉ် sightseeing စကြပါတယ်။ 


 နာမည် ကျော် အမှတ်(၁၂)ကမ်းနားလမ်း က သဘာဝငှက်အိမ်

သဘာဝအားဖြင့် ကျောက်စွန်းတွေမှာ အသိုက်လုပ်နေတတ်တဲ့ ချစ်စရာ ဇီဝဇိုးငှက် ကလေးတွေ အိမ်ထဲမှာ အသိုက် လာဆောက်ပြီး ငှက်သိုက်ကလေးတွေ ချန်ထားခဲ့ရာကနေ အိမ်ရှင်တွေက ဒီအိမ်ကို ငှက်သိုက်အဖြစ်ထားပေးခဲ့ပြီး၊ အိမ်ပြောင်းပေးလိုက်ရတာအပြင်၊ စိတ်ကူးယဉ်ရုပ်ရှင်ဆန်ဆန် တကယ့် အဖြစ်အပျက် တွေရှိခဲ့တဲ့ ငှက်အိမ်ပါ။ ဒီသဘာဝငှက်အိမ်ထဲက ထူးခြားတဲ့ ငှက်သိုက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

 

ငှက်ကလေးတွေ တော်တော်ကြီးတဲ့အထိ ငှက်သိုက်မှာ ရှိနေတာကို အံ့သြဖွယ် တွေ့ရပါတယ်။ ငှက်နဲ့ယှဉ်ရင် ငှက်သိုက်က သေးနေတော့ ချိတ်ထားသလို့ နေနေရတာကိုလည်းတွေ့ရပါတယ်။ အကောင်ကြီးလာပေမဲ့ ပျံလို့ မရသေးလို့ ပျံ တတ်တဲ့ အထိ အသိုက်မှာ နေရပါတယ်။ တစ်ခါတစ်ရံ  ပြုတ်ကျတတ်လို့ အိမ်ရှင် တွေက အသိုက်မှန်ကို ကူညီပြီးပြန်မထည့်ပေးနိုင်ရင် အသိုက်ပိုင်ရှင်ငှက်ရဲ့ ထိုးဆိတ်မှုခံရပြီး ပြုတ်ကျသေဆုံးတတ်ပါတယ်တဲ့.။ 
ဒါပေမဲ့ ငှက်သိုက်ဈေးက တစ်ကျပ်သားကို သုံးသောင်းတဲ့ တစ်ကယ်တော့ ငှက်သိုက်တစ်ခုက ပုံမှန် တစ်ကျပ် သားနီးပါးရှိပါတယ်။ တစ်ရာသီကို ၃ပိဿာလောက်ရတယ် ဆိုတော့ တွက်သာ ကြည့်ပါတော့။ ငှက်ချေးကလည်း ဇီဝမြေသြဇာ အဖြစ် ရောင်းရတဲ့ အဖိုးတန်ပစ္စည်း တဲ့လေ။ ငှက်သိုက်လို့သာ ပြောတာ တကယ်ပြောတော့ ဘာငှက်မှန်း မသိတဲ့သူတွေ များလို့ ဗဟုသုတ အလို့ငှာ လေ့လာထား တာလေး ပြောပြချင်ပါသေးတယ်။ 

တန်ဖိုးကြီး အာဟာရ စုံလင်တဲ့ ငှက်သိုက်များရဲ့ ပိုင်ရှင် ဇီဝဇိုးငှက်လေးများ

ဒီငှက်သိုက် ငှက်ခေါ် ဇီဝဇိုးငှက်တွေဟာ အများအားဖြင့် ကျောက်ဆောင်တွေမှာ သူတို့ရဲ့ အန်ဖတ်နဲ့ အသိုက်လုပ်ပြီး နေတတ်တဲ့ swiftly ငှက်မျိုး တွေပါ။ တချို့ ဒေသတွေက ငှက်တွေဟာ သူတို့ သွေးတွေပါတဲ့ အနီရောင် အန်ဖတ်တွေအန်လေ့ရှိကြလို့ အနီရောင်ငှက်သိုက်ဟာ ပထမတန်းစား အမျိုးအစား ဖြစ်ပါ  တယ်တဲ့။  ငှက်မဟာ ဥ(၂)လုံးမှ (၃)လုံးထိ ဥတတ်ပေမဲ့ အများအားဖြင့် (၂)ကောင် လောက်ပဲ ပေါက်လေ့ရှိပါတယ်။ ငှက်ငယ်များ ဟာ ပျံသွားတတ်တဲ့ အချိန်ထိငှက်သိုက်မှာ နေရပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးအစား အများကြီးတွေ့ရတဲ့ထဲက ထိုင်း၊အင်ဒိုနီးရှား၊မလေးရှား နဲ့ မြန်မာနိုင်ငံမှာ မျိုးတူငှက်တွေ တွေ့ရပါတယ်။ သဘာဝငှက်သိုက်တွေအပြင် ငှက်သံကိုစက်နဲ့ခေါ်ပြီး မွေးမြူရေး လုပ်ကြတာလည်း ရှိပါတယ်။ 


သဘာဝငှက်အိမ်လို့ ဆိုင်းဘုတ်တပ်ထားရတဲ့ အကြောင်းကလည်း စိတ်ဝင်စား စရာပါ။  နောက်ပိုင်းမှာ မြိတ်မြို့ ကမ်းနားလမ်းနဲ့ အနီးတ၀ိုက်က အထပ်မြင့် အိမ်တော်တော်များများဟာ တိုးတက်လာတဲ့ခေတ်  နဲ့အညီ အသံဖမ်းကရိယာတွေ အကူအညီနဲ့ ငှက်ခေါ်သံနဲ့ ငှက်အိမ် တွေ ဖြစ်လာလို့ပါ။ အောက်က(၅)ထပ်တိုက် အပါအ၀င်ပေါ့။ ငှက်သိုက်လုပ်ငန်းနဲ့ စီးပွားဖြစ် နေကြတဲ့ အိမ်နီး ချင်းနိုင်ငံတွေ ကနေ ၀ယ်လို အား ရှိတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ စီးပွားဖြစ်တဲ့ဈေးကွက် ဆိုလဲမမှား ဘူးပေါ့။ နောက်များ ဈေးကွက်ပွင့်  လာရင် Brand ငှက်သိုက်ဆေးပုလင်း တောင် မြိတ် မှာ လာထုတ်မလားမသိ။ အရင်းနှီးများပြီး အချိန် နည်းနည်းစောင့်ရပေမဲ့ တော်တော်မြတ်တဲ့ လုပ်ငန်း ပါလို့ ငှက်ခေါ်တိုက်အိမ် (၃-၄)လုံးလောက်ပိုင်တဲ့ လုပ်ငန်းရှင် တစ်ယောက် က ၀န်ခံပါတယ်။ 


Myeik Shopping Center
ငှက်အိမ် လေ့လာရေးပြီးတော့ ရောက်ခဲ့တာက ကမ်းနား လမ်းထောင့်က  Myeik Shopping Center ကြီးဖြစ်ပါတယ်။ သိပ်မကြီးတဲ့ ဘိတ်မြို့နဲ့ ယှဉ်လိုက်ရင် ပုံပါအတိုင်း ကြီးကျယ်ခမ်းနား တဲ့ ရှော့ပင်း စင်တာကြီးကြောင့် ဘိတ်သားတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ခန့်မှန်းနိုင်ပါတယ်။  

  



ကမ်းနားလမ်းနှင့် ပထော်ပထက် တောင်ညီနောင်
အဲဒီနောက် ဘိတ်ကမ်းနား နောက်ခံနဲ့ အမှတ်တရဓါတ်ပုံရိုက်ပြီး မြန်မာ့ပုလဲဆိုင်သို့ လေ့လာရေး ထွက်ခဲ့ကြ ပါတယ်။ ကမ်းနားကရပ်ကြည့် လိုက်ရင်တော့ လှပဆန်းသစ်တဲ့ ရှုခင်း တွေဖြစ်တဲ့ တစ်ဘက်ကမ်း မှာ လျောင်းတော်မူ ဘုရားကြီး၊ တောင်ကြီး(၂)တောင် နဲ့ ငါးဖမ်း သင်္ဘောတွေကို ပုံပါ အတိုင်း တွေ့ရပါ တယ်။ ဘိတ်သားတွေကတော့ ဒီတောင်(၂)တောင်က မြိတ်ကို သဘာဝ ဘေးဒဏ် တွေ ကနေ ကာကွယ်ပေး တယ်လို့ ယုံကြည်ကြပါတယ်တဲ့။ ငါးဖမ်း လုပ်ငန်းနဲ့ ချမ်းသာတဲ့ သူဌေး တစ်ယောက် လှူထားတယ် ဆိုတဲ့ တောင်ပေါ်ဘုရားကိုလည်း အခုလို အဝေးက ဖူးမြင်ခဲ့ရပါတယ်။


 

 


ကမ္ဘာကျော် ပုလဲ
နာမည်ကျော် မြိတ်မြို့ ပုလဲဆိုင် အတွေ့အကြုံ ကလည်း တစ်မျိုးဆန်းတာပါပဲ။ ဈေးဝယ်ဝါသနာပါတဲ့
မိန်းကလေးတွေ က ဈေးများလို့တဲ့မ၀ယ်ကြပဲ၊ မ၀ယ်ဘူး ထင်ရတဲ့ ယောကျာ်းလေးတွေက အိမ်သူသက် ထားတွေအတွက် ၀ယ်ကြတာမို့ပါ။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ မြိတ်ကိုရောက်မှတော့ အမှတ်တရ ဆိုပြီး ပုလဲသေးသေးလေး တစ်လုံး ၀ယ်ခဲ့ပါတယ်။ သမီးချောချောလေးတွေရဲ့အမေ ဈေးရောင်း အရမ်းတော်တဲ့ ဆိုင်ပိုင်ရှင် အစ်မချောချောကြီးကတော့ မြိတ်ပုလဲဟာ ဘယ်တော့မှ အရောင်မှိန် မသွားဖူးတဲ့။ အနည်း ဆုံးနှစ်(၆၀)တဲ့၊ အရောင်ကျသွားတယ် ထင်ရင် ဆားရည်လေး စိမ်ပေးရင် နဂို အရောင်ပြန်ရ ပါတယ်တဲ့။ လက်တွေ့မှာ တွေ့ဖူးတဲ့ ပုလဲတွေထက် အလေးချိန်စီး တဲ့ အပြင် ရန်ကုန်မှာ တစ်ကုံးစာရနိုင်တဲ့ဈေး ထက်လည်း  တော်တော်လေးကြီး ပါတယ်။ တော်တော်လေးပေါ့.။  ဒါနဲ့ အမြတ်ထွက်အောင် ဘိတ်နာမည်ကျော် သဘာဝပုလဲနဲ့ မွေးပုလဲတွေ အကြောင်း စပ်စုပြီး ဓါတ်ပုံရိုက်ယူလာခဲ့ ပါတယ်။ 






လေးကျွန်းဆီမီး စေတီတော်ကြီး

 ပြီးတော့ ဘိတ်မြို့ရဲ့ ထင်ရှားတဲ့ တောင်ပေါ် ဘုရားဖူးပြီး ဘုရားပေါ်က မြိတ်မြို့ရဲ့ ဆည်းဆာ နေ၀င်ချိန် တွေ့မြင်ရ ပါတယ်။ ဘိတ်မြို့ရဲ့ ညနေစာကတော့ ထူးဆန်းတဲ့ ငါးအကြေးခွံကြာ်နဲ့ တင်တော်တော်လေးပြည့်စုံသွားပါတယ်။ ပင်လယ်ဒေသမို့ လတ်ဆတ်တဲ့ ပင်လယ်စာများအပြင် အသစ်အဆန်း ခရုချက် နဲ့ ငါးပေါင်း  ကလည်း အရသာရှိလှပါတယ်။  ညစာစားပြီး ကမ်းနားလမ်း တစ်လျှောက် ပြည့်နေတဲ့ ဆိုင်တန်းတွေမှာ  လေညင်းခံရင်း တစ်နေတာ အမောတွေကို ဘောလုံးပွဲထဲ၊ လက်ဘက်ရည်ထဲ၊ ဘီယာထဲ မျှောချနေတဲ့  ဘိတ်သားတွေလည်း တွေ့ခဲ့ရပါတယ်။ 


အလုပ်နဲ့သွားတဲ့ ခရီးတွေများ လာပြီးနောက်မှာ အတွေ့အကြုံသစ် နောက်တစ်မျိုးရခဲ့တာ ကတော့ ရောက် မြို့တွေမှာ လူအများစုနဲ့ သွားဖို့ အခြေအနေပေးချင်မှ ပေးမှာဆိုတော့ ဒီလိုစာရေးချင်၊ အမှတ်တရ ဓါတ်ပုံ ရိုက်ချင်တဲ့သူ အတွက်ကတော့  ကိုယ့်အိပ်ချိန်ထဲက ဖဲ့ပေးတာအ ကောင်းဆုံးဆိုတာပါပဲ။ တစ်ရက်များ အချိန်ရယင်  မနက်စောစောဟာ ကိုယ်အတွက်တော့ ရွှေပါပဲ။ အနည်းဆုံးတော့ မြို့တစ်ပတ်ပတ်ကြည့်လို့ ရတယ်။ အခြေအနေပေးရင် ဓါတ်ပုံပါရိုက်နိုင်ပါတယ်။ လုံခြုံရေးလည်း ကောင်းရင်ပေါ့။ 




နောက်တစ်နေ့ မနက်စောစော ဟိုတယ်က ဆိုင်ကယ်နဲ့ မြို့ထဲကို လေ့လာရေး ထွက်ခဲ့ပါတယ်။ မြို့က ကိုယ်နဲ့စိမ်းတာအပြင် ဟိုတယ်က မြို့ထဲနဲ့နဲနဲဝေးတာမို့ မိုးလင်းမှထွက်ရတော့ အချိန် (၁)နာရီခွဲလောက်ပဲ ရပါတယ်။ ညနေဘက်နဲ့ မတူ တိတ်ဆိတ်နေတဲ့ ကမ်းနားလမ်း တစ်လျှောက်မှာ မနက်စောစော ကျန်းမာရေး လမ်းလျှောက်သူတွေနဲ့ လှပနေပြန် ပါတယ်။ ပင်လယ်ကို မျက်နှာမူ ထားတဲ့ ကမ်းနားလမ်းကနေ ဖူးတွေ့ရတဲ့  တစ်ဖက်ကမ်း က ဘိတ်မြို့ လျောင်းတော်မူဘုရားကြီး၊ တောင်ကုန်း အနိမ့်အမြင့်တွေ အလိုက် ဆိုင်တန်းတွေ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ မြိတ်မြို့ဟာ ကြွယ်ဝချမ်းသာ သူတွေများတဲ့ အေးချမ်းတဲ့ နယ်မြို့လေးတစ်မြို့ပါပဲ။ 




ဒီမနက်တော့ ဟိုတယ်မှာ ပေါင်မုန့်စားနေကြ ထုံးစံကိုဖျက်ပြီး နာမည်ကြီး ဘိတ်ကတ်ကြေး ကိုက်နဲ့ မနက်စာစား ဖြစ်ပါတယ်။ အချိန်မရလို့ နာမည်ကြီး ကတ်ကြေး ကိုက်ဆိုင်ကို သွား မစားနိုင်တာမို့ မြိတ်ရောက် မှတော့ မြိတ်ကတ်ကြေး ကိုက်တော့ စားဦးမှပါလို့ ဟိုတယ်မှာပဲ ဖြေသိမ့်လိုက်ရတာပါ။  ရန်ကုန်မှာ စားနေကျ ကတ်ကြေးကိုက် နဲ့ အရသာမတူ ပဲပြုတ်များများ၊ ပင်လယ်စာအစုံနဲ့ စားမြိန်တဲ့ မနက်စာလေးပါ။ မနက်(၉)နာရီကနေ (၁၁)နာရီခွဲလောက်အထိ လာရင်းအလုပ်ကိစ္စ တွေအပြီးသတ်၊ ပြီးတဲ့အခါမှာ ကော့သောင်းကူးဖို့ လေယာဉ်စောင့်ရင်း နေ့လည်စာ စားရင်း မြိတ်ခရီးစဉ်ကို အဆုံးသတ် ခဲ့ရပါ တော့တယ်။ 

နောက်များ ကြာကြာနေခွင့်ရရင်.. လျောင်းတော်မူဘုရားကြီးရယ်၊ တစ်ဖက်ကမ်းက တောင်ပေါ်ဘုရားဖူး သွားရင်း လှပတဲ့ ရှုခင်းတွေကို မှတ်တမ်းတင်ချင်ပါ သေးတယ်။ အခုကတော့ ကိုယ့်စာကို ဖတ်မိကြမဲ့ မရောက်ဖူးသူ တွေအတွက် တကူးတက သူငယ် ချင်းတွေကို နှိပ်စက် တောင်းယူထားတဲ့ ပုံတွေ အမှတ်တရ တင်ထား လိုက်ပါတယ်။ 





 နေရစ်ခဲ့ပေဦးတော့ လှပတဲ့ ဘိတ်မြို့လေးရေ။ 

ဝင်းဝင်း ရေးသားပါသည်။ 

0 comments: