Tuesday, May 21, 2013

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် ကျင်းပမည်


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူး ကျင်းပသော (၆၉) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်း ဘုရားပွဲတော်ကို ကဆုန်လဆန်း (၁၂) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့အထိ (၂၁-၅-၂၀၁၃) ရက်နေ့မှ (၂၅-၅-၂၀၁၃) ရက်နေ့အထိ (၅) ရက်တိုင်တိုင် မြိတ်မြို့ ဘုရားငါးဆူကွင်းရှိ ယာယီ စံကျောင်းတော်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် မကျင်းပမီ မေ (၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးကျောင်းရှေ့ စုရပ်မှ ကန်ဖျားနယ်မြေ အတွင်း ဒီပင်္ကရာဘုရားရှင်၏ ရုပ်ပွားတော်မြတ် ဒေသစာရီ ကြွချီ အပူဇော်ခံပြီးနောက် ကန်ဖျား ရပ်ကွက်တွင် ကျိန်းဝပ် စံပယ်တော်မူရာမှ  ယနေ့ မေလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့အတွင်း လှည့်လည် ကြွချီ အပူဇော်ခံ ခဲ့ရာ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းမှ လမ်းတစ်လျှောက် ဘုရားရှင်အား အမွှေးနံသာရေများဖြင့် ပူဇော်ခြင်း၊ ပန်းဆီမီးများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဘုရားငါးဆူကွင်းအတွင်းရှိ ယာယီ စံကျောင်းတွင်တွင် ကိန်းဝပ် စံပယ်တော် မူသည်။ 

ထိုသို့ ဘုရားငါးဆူကွင်း အတွင်း ကိန်းဝပ် စံပယ်တော်မူသော ဒီပင်္ကရာဘုရားရှင်အား မြိတ်သူ မြိတ်သား များ အနေဖြင့် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် ၊ အသင်းအဖွဲ့အလိုက် အမွှေးနံသာရေများဖြင့် လူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments: