Sunday, May 19, 2013

ကျောင်းဆရာ/ ဆရာမများ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ပညာရေး ၀န်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း ကျင်းပသော ကျောင်းဆရာ/ ဆရာမများ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မေလ (၁၈) ရက် နေ့လည် (၁)နာရီတွင် အမက (မြစ်ငယ်) ကျောင်း ခန်းမဆောင်၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ် ကင်းရှင်းရေးဌာန ဌာနမှူး ဒေါ်ခင်ခင်ရှိန်မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြသည်။ 


ထိုနောက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည့် အသင်းခွဲ ဖွံ့ဖြိုး တိုးတက်ရေး ပုံစံအရ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် စံနှုန်း အဆင့် (ခ) GREAT B မှ ၂၀၁၃ခုနှစ် မတ်လ၌ စံနှုန်း အဆင့် (က) GREAT A သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သော တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်အား ဂုဏ်ပြု မှတ်တမ်းလွှာကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦး ပြုစုခြင်းနှင့် အန္တရာယ် ကင်းရှင်းရေးဌာန ဌာနမှူး ဒေါ်ခင်ခင်ရှိန်မှ မြိတ်မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့အား ပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ (၁၅၄)နှစ်မြောက် ကမ္ဘာ့ ကြက်ခြေနီနေ့ အထိမ်းအမှတ် MRCV ညီအစ်ကိုမောင်နှမများ၏ ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်း လှုပ်ရှားမှု သတင်းမှတ်တမ်း ဓာတ်ပုံပြိုင်ပွဲ ဂုဏ်ပြုဆု ရရှိသော မြိတ်မြို့နယ်နှင့် ပုလောမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တို့အား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပေးအပ်ချီးမြှင့်ပြီး အခမ်းအနား ရုပ်သိမ်း ပါသည်။ 

အဆိုပါ သင်တန်းကို တနင်္သာရီတိုင်း ဒေသကြီး အတွင်းမှ မြို့နယ် (၁၀)မြို့နယ်၊ မြို့နယ်ခွဲ (၆)မြို့မှ ကျောင်း ဆရာ/ ဆရာမများ (၄၈)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၉)ရက်ဖြစ်၍ သင်တန်း တက်ရောက်သော သင်တန်းသား များမှာ (၆)လအတွင်း ဆင့်ပွား သင်တန်း (၁)ကြိမ်လျှင် (၃၀)ဦးစီဖြင့် ဆင့်ပွား သင်တန်း (၃)ကြိမ် ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: