Monday, May 20, 2013

ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းရှစ်ဆယ် ထောက်ပံ့မည့် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျွန်းစုမြို့၌ ပြုလုပ်မည်

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ် ဖြစ်သည့် ကျွန်းစုမြို့နယ်တွင် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၈၀ ထောက်ပံ့မှုဖြင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း လုပ်ငန်း ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မေလ (၂၂) ရက်နေ့ နံနက် (၀၉၀၀) အချိန်တွင် ကျွန်းစုမြို့နယ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner နှင့် နယ်စပ် ရေးရာဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ၊ မြိတ်ခရိုင်နှင့် ကျွန်းစုမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ NGO / INGO များ ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။ 

ထိုအစည်းအဝေးတွင် ကျွန်းစုမြို့နယ်၏ ပကတိ အခြေအနေများ၊ ဖွံ့ဖြိုးရေး အစီအမံများနှင့် စီမံကိန်းအတွက် ကြိုတင် ပြင်ဆင်ရန် အသေးစိတ် ညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

ကျွန်းစုမြို့နယ်အား တနင်္သာရီတိုင်းအတွင်း ဖွံ့ဖြိုးမှု အနည်းဆုံး အဖြစ်  ရွေးချယ် သတ်မှတ်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်တွင်နေ့တွင် ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လူထုအခြေပြု ဖွံ့ဖြိုးမှု စီမံကိန်းဆောင်ရွက်မည့် မြို့နယ်ရွေးချယ် အကြံပေးခြင်း အခမ်းအနားတွင် ရွေးချယ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး CDD Project (ဒေသတွင်း လူထုဖွံ့ဖြိုးမှု စီမံကိန်း) မှ တဆင့် ဒေါ်လာသန်း ၈၀ အား ပြည်သူများအတွက် သုံးစွဲရန် ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။


0 comments: