Sunday, May 19, 2013

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး မြိတ်တောင် ရပ်ကွက် ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်


တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်းနှင့် မြိတ်တောင် ရပ်ကွက်ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေလ (၁၈) ရက် နေ့လည် (၂)နာရီတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပရာ ၀န်ကြီး ဒေါက်တာကျော်ဆန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ မြိတ်တောင် ရပ်ကွက် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးစိုးရီမှ ရပ်ကွက် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်း တင်ပြသည်။ ထိုနောက် ရပ်မိရပ်ဖများမှ မိမိတို့ ရပ်ကွက်၏ လမ်းများ ပျက်စီးနေမှုအား အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ဇေယျာသီရိ (၄)ရပ်ကွက်နှင့် အင်းလေးကမ်း ရပ်ကွက်ကို ဆက်သွယ်ထားသည့် ဦးသွယ် တံတား ချိုးယွင်းနေမှုအား ပြုပြင်ခြင်း၊ ရပ်ကွက်အတွင်း ရေစီးရေလာကောင်း မွန်စေရေး အတွက် ရေနုတ်မြောင်းများ တူးဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများ ပံ့ပိုးကူညီပေးနိုင်ရေး တင်ပြ ဆွေးနွေးကြသည်။ ဆက်လက်၍ မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက ရပ်ကွက် အတွင်း ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ လိုအပ်သည်များကို ပံ့ပိုး ကူညီ ဆောင်ရွက်ပေး ခဲ့သည်။

မြိတ်တောင် ရပ်ကွက်သည် မိုးရာသီတွင် ရေအိုင်ခြင်း၊ ရေ၀ပ်ခြင်းကြောင့် သွေးလွန်တုတ်ကွေး ရောဂါ အဖြစ်များသော ရပ်ကွက်ဖြစ်သဖြင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် မိုးရာသီ အမီ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်မှသာ ရပ်ကွက်အ တွင်းနေထိုင် ကြသော ပြည်သူများ သွေးလွန် တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်မှာဖြစ်သည်။

အလားတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း သည် မြိတ်တောင် ကျေးရွာ အုပ်စု ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

2 comments:

Unknown said...

လမ်းပြင်တံတားဆောက်နှင့်မပြီးဘဲပြည်သူများ၏အကျိုးကိုဒီထက်မကပံ့ပိုးတာဝန်ယူဆောင်ရွက်နိုင်အောင်ဝန်ကြီးတစ်ယောက်အနေဖြင့်ဆက်လက်ဆောင်ရွက်ပါ

Unknown said...

လမ်းပြင်တံတားဆောက်နှင့်မပြီးဘဲပြည်သူများ၏အကျိုးကိုဒီထက်မကပံ့ပိုးတာဝန်ယူဆောင်ရွက်နိုင်အောင်ဝန်ကြီးတစ်ယောက်အနေဖြင့်ဆက်လက်ဆောင်ရွက်ပါ